ကိုဗစ်-၁၉ ကပ်ဘေး ကြီးမားစွာ ရင်ဆိုင်နေရတဲ့ အိန္ဒိယဆီ အမေရိကန် အကူအညီတွေ ရောက်ရှိ 

ကိုဗစ်-၁၉ ကပ်ဘေး ကြီးမားစွာ ရင်ဆိုင်နေရတဲ့ အိန္ဒိယဆီ အမေရိကန် အကူအညီတွေ ရောက်ရှိ 
Photo - AFP

ဧပြီ ၃၀

အိန္ဒိနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း ဘေးကြီးမားစွာ ထိုးတက်နေတာကို ရင်ဆိုင်တွန်းလှန်နေရချိန် အမေရိကန်ရဲ့ ပထမဆုံး အရေးပေါ်အကူအညီတွေ သောကြာနေ့မှာ စတင်ရောက်ရှိပါတယ်။ ဆေးရုံတွေနဲ့ သင်္ချိုင်းတွေ ဝန်နဲ့အားမမျှလောက်အောင် အိန္ဒိယမှာ ကိုဗစ်-၁၉ ဖြစ်ပွားသေဆုံးနှုန်းဟာ မြင့်မားနေတာပါ။ 

အောက်ဆီဂျင်ဘူး ၄၀၀ ကျော်၊ အခြား ဆေးရုံသုံးပစ္စည်းတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် အမြန်စမ်းသပ်ကိရိယာ တစ်သန်းနီးပါး တင်ဆောင်လာတဲ့ Super Galaxy စစ်သယ်ပို့လေယာဉ်ဟာ နယူးဒေလီက အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီ ဆင်းသက်ရောက်ရှိလာပါတယ်။ 

အိန္ဒိယမှာ လက်ရှိဆိုရင် ကမ္ဘာစံချိန်တင်နှုန်းထားအဖြစ် တစ်ရက်တည်း ကူးစက်သူပေါင်း ၃၇၀၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၆၀၀ ကျော် ရှိခဲ့ပြီး ဒါဇင်များစွာသော နိုင်ငံတွေက အကူအညီပေးမယ်ဆိုတဲ့ ကတိစကားနဲ့အတူ ကြီးမားတဲ့ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းစဉ်တွေလည်း စတင်နေတာ ဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီတို့အကြား အခု အပတ်အတွင်းက စကားပြောဆိုခဲ့ပြီးနောက် ကယ်လီဖိုးနီးယား၊ ထရာဗစ်စစ်စခန်းကနေ အခု သယ်ပို့လေယာဉ်နဲ့ အကူအညီပစ္စည်းတွေကို အိန္ဒိယဆီ ပေးပို့လာတာပဲ ဖြစ်ပါတယ်။ 

“အိန္ဒိယက ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ အားချင်း သက်သာရာ ရစေဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းတွေကို အမေရိကန်က ပေးပို့နေပြီ ဖြစ်ပါတယ်”ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ပရက်စ်က ကြာသပတေးနေ့မှာ ပြောပါတယ်။ 

ကုမ္ပဏီတွေနဲ့ တစ်သီးပုဂ္ဂလတွေ လှူဒါန်းတဲ့ ပစ္စည်းတွေကိုပါ သယ်ဆောင်သွားမယ့် အထူးလေယာဉ်တွေနဲ့ လာမယ့်သီတင်းပတ်တွေမှာလည်း ဆက်လက်ပေးပို့သွားမှာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြပါတယ်။ 

ဂျပန်နိုင်ငံကလည်း အိန္ဒိယကို ကူညီပေးဖို့ နောက်ဆုံးကမ်းလှမ်းလာပြီး အောက်ဆီဂျင် ၃၀၀ နဲ့ လေဝင်လေထွက်စက် ၃၀၀ ကို ပေးပို့သွားမယ်လို့ သောကြာနေ့မှာ ကြေညာပါတယ်။ 

“ဂျပန်ဟာ အိန္ဒိယနဲ့ အတူရှိနေပါတယ်၊ ထပ်တိုးအရေးပေါ် အကူအညီတွေ ပေးပြီး ကိုဗစ်-၁၉ ကပ်ဘေးကို အိန္ဒိယ တိုက်ထုတ်နေရချိန်မှာ မိမိတို့ရဲ့ မိတ်ဆွေမိတ်ဖက်တွေနဲ့ အတူရှိနေပါတယ်”ဆိုပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ 

အိန္ဒိယဆီ မရှိမဖြစ် ဆေးဝါးအကူအညီတွေ၊ အောက်ဆီဂျင်အထောက်အပံ့တွေ ပေးပို့မယ်လို့ ကတိခံထားတဲ့ နိုင်ငံပေါင်း ၄၀ ကျော်ရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဟက်ရှ်ဗာဒဟန်ရှာရင်ဂလာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly