ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်း တည်ငြိမ်ရေးကို ဂျပန်နိုင်ငံသား ၇၄ ရာခိုင်နှုန်း ထောက်ခံ

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်း တည်ငြိမ်ရေးကို ဂျပန်နိုင်ငံသား ၇၄ ရာခိုင်နှုန်း ထောက်ခံ
Photo: EPA

ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းမည့် ဝန်ကြီးချုပ် ယိုရှီဟီတ စူဂါ အစိုးရအဖွဲ့၏ မူဝါဒကို ဂျပန်ပြည်သူအများစုက ထောက်ခံခဲ့ကြကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

စစ်တမ်းတွင်ဖြေဆိုသူ ၇၄ ရာခိုင်နှုန်းက ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်မှုနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ လုပ်ဆောင်ချက်ကို ထောက်ခံကြပြီး ၁၃ ရာခိုင်နှုန်းမှာ ဆန့်ကျင်ကြောင်း Nikkei TV Tokyo နှင့် ပူးပေါင်း ပြုလုပ်သောစစ်တမ်းတစ်ခုကို ကိုးကား၍ Nikkei Asia ကပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် အမေရိကန်-ဂျပန်တွေ့ဆုံမှု နောက်ပိုင်း ယင်းစစ်တမ်းကို ကောက်ယူခဲ့ခြင်းဖြစ်သည်။ ပူးတွဲကြေညာချက်တွင် စူဂါနှင့် ဘိုင်ဒင်တို့က ထိုင်ဝမ် ရေလက်ကြားအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၏ အရေးကြီးပုံကို အလေးပေးဖော်ပြခဲ့သည်။

“ထိုင်ဝမ် ရေလက်ကြားမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အရေးကြီးပုံကို အလေးအနက်ထားပြီး ရေလက်ကြား ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် အားပေးသည်” ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ စူဂါနှင့် ဘိုင်ဒင် တို့၏ တွေ့ဆုံမှုအတွက် ဖြေဆိုသူ ၅၀ ရာခိုင်နှုန်းက အောင်မြင်မှုအဖြစ်ဖော်ပြကြပြီး ၃၂ ရာခိုင်နှုန်းကမူ လက်မခံခဲ့ပေ။

ယင်းအတောအတွင်း ဂျပန်ဝန်ကြီးချုပ်၏ မူဝါဒကို စုစုပေါင်းသဘောတူမှုမှာ ၄၇ ရာခိုင်နှုန်းဖြစ်ပြီး၊ မတ်လစစ်တမ်း၏ ၄၅ ရာခိုင်နှုန်းနှင့် အကြမ်းဖျဉ်းအားဖြင့် ကိုက်ညီသည်။

Nikkei Research မှ ကောက်ယူသည့် အဆိုပါစစ်တမ်းတွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် ဂျပန်နိုင်ငံသား လူများကို တွေ့ဆုံမေးမြန်းခဲ့ပြီး ခိုင်လုံသော ဖြေဆိုမှု ၁,ဝ၂၆ ကို ရေတွက်ခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားသည် ကီလိုမီတာ ၁၈၀ ကျယ်ပြီး ထိုင်ဝမ်ကျွန်းကို အာရှတိုက်ကုန်းမကြီးနှင့် ခွဲခြားထားသော ရေလက်ကြားဖြစ်သည်။ ရေလက်ကြားသည် လက်ရှိတွင် တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အရှေ့တရုတ်ပင်လယ်နှင့် မြောက်ဘက်တွင် ဆက်သွယ်ထားသည်။

တရုတ်နှင့် ထိုင်ဝမ်တို့သည့ သီးခြားအုပ်ချုပ်အောက်တွင် ဆယ်စုနှစ်ခုနှစ်ခုကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း တရုတ်က ထိုင်ဝမ်သည် ယင်းတို့၏ အချုပ်အခြာအာဏာအောက်တွင် အပြည့်အဝရှိသည်ဟု ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required