Quad အဖွဲ့ ခိုင်မာအားကောင်းလာမှုကြောင့် တရုတ် အခက်အခဲတွေ့နေ

By Pentapostagma
29 April 2021
Quad အဖွဲ့ ခိုင်မာအားကောင်းလာမှုကြောင့် တရုတ် အခက်အခဲတွေ့နေ

အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယတို့အကြား ဖွဲ့စည်းထားသည့် ၄ နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု (QUAD) အဖွဲ့၏ ခိုင်မာအားကောင်းလာခြင်းသည် တရုတ်နိုင်ငံအတွက် အခက်အခဲ ဖြစ်လာစေသောကြောင့် ယင်းအဖွဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်မှုများ လုပ်ဆောင်လျှက်ရှိသည်။

QUAD အဖွဲ့သည် တရုတ်နိုင်ငံအား တိုက်ရိုက်နည်းလမ်းဖြင့် ဆန့်ကျင်ရန် မဟုတ်ဘဲ ရေကြောင်း လွတ်လပ်စွာ သွားလာရေးနှင့်ဒေသတွင်း ဒီမိုကရေစီတန်ဖိုးများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ချက်ထားသည်။

တရုတ်အစိုးရအနေဖြင့် အဆိုပါ မဟာမိတ်အဖွဲ့ကို ဆန့်ကျင် ကန့်ကွက်ပါက ၎င်းအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းသွားလာခွင့်ကို လက်ဝါးကြီးအုပ်ခြင်းနှင့် တရုတ်နှင့် အနီးဝန်းကျင် ဒေသများ၌ လူအခွင့်အရေး ချိုးဖောက်မှုများကို ဖိနှိပ်သည့် သဘောသက်ရောက်မည်ဖြစ်သည်။

QUAD အဖွဲ့ကို ဂျပန်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း မဖော်ပြခဲ့ပေ။ ဩစတြေးလျနိုင်ငံက စီမံဆောင်ရွက်ခွင့်လုပ်ဆောင်သည့် အခြေအနေမှ နုတ်ထွက်သွားသောကြောင့် QUAD အဖွဲ့သည် လှုပ်ရှားမှု နည်းပါးခဲ့ဖူးသည်။ တရုတ်က တောင်တရုတ် ပင်လယ်တွင် အနိုင်ကျင့် ဗိုလ်ကျမှုများ လု်ပဆောင်လာပြီးနောက် ၂၀၁၇ ခုနှစ်တွင် ယင်းအဖွဲ့ ပြန်လည်အသက်ဝင် လာသလို အင်ဒို-ပစိဖိတ်နိုင်ငံများက ရေပိုင်နက်နှင့် ပတ်သက်၍ မိမိတို့ အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်လာသည်ဟု နားလည်လာခဲ့သည်။ အမေရိကန်ကလည်း ဒေသတွင်း ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်လာသည်။

သက်ဆိုင် အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များအဆင့် ပထမအကြိမ် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မတ်လတွင် လုပ်ဆောင်ခဲ့ပြီးနောက် QUAD အဖွဲ့ သည် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

အမေရိကန်ကွန်ဂရက် သုတေသနဝန်ဆောင်မှုအဖွဲ့၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာအရ အင်ဒို-ပစိဖိတ်ဒေ၌ တရုတ်၏ အခန်းကဏ္ဍသည် QUAD အဖွဲ့ကို ခိုင်မာအားကောင်းစေလာကြောင်း ဖော်ပြထားခဲ့သည်။ အမေရိကန်နှင့် အိန္ဒိယတို့အကြား ပုံမှန် စစ်ရေး လေ့ကျင့်မှု Malabar Exercise တွင် QUAD အဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်လာသည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁၇ မှ ၂၀ အထိ အာရေဗျပင်လယ် မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သော Exercise Malabar 2020 အဆင့် ၂ တွင် အဖွဲ့ဝင် ၄ နိုင်ငံစလုံးမှ ရေတပ်များ ပါဝင်သည့် အဆင့်မြင့် ရှုပ်ထွေးသော စစ်ရေး လေ့ကျင့်မှုတစ်ခု ဖြစ်ခဲ့သည်။ အမေရိကန်၏ Nimitz Carrier Strike Group တိုက်လေယာဉ်တင် စစ်သင်္ဘောအုပ်စုလည်း ပါဝင်ခဲ့သည်။

QUAD အဖွဲ့၏ ၂၄ ကြိမ်မြောက် Malabar စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ‘ပွင့်လင်း၍ အားလုံးပါဝင်သည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်စေရေးနှင့် စည်းကမ်းရှိသည့် နိုင်ငံတကာ အခင်းအကျင်းဖြစ်စေရေး’ ဟု စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်၍ အိန္ဒိယရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ယူရခြင်း မရှိသေးသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့အမြောက်အများရှိသော တောင်တရုတ်ပင်လယ်တွင် တရုတ်က ၎င်း၏ ပိုက်နက်နေရာအများအပြား သတ်မှတ်ခဲ့သောကြောင့် အင်ဒို-ပစိဖိတ်ဒေသအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်ခဲ့သည်။ တောင်တရုတ်ပင်လယ်မှ သဘာဝရင်းမြစ်များအပေါ် တရုတ်က လက်ဝါးကြီးအုပ် ပိုင်ဆိုင်မှု ကြေညာချက်သည် အခြား သက်ဆိုင်ရာ နိုင်ငံများ ဖြစ်သော ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကို ဒေါသဖြစ်စေခဲ့သည်။

တရုတ်က တောင်တရုတ်ပင်လယ်အတွင်း နေရာယူရာတွင် နယ်မြေတိုးချဲ့မှုများ၊ သန္တာကျောက်တန်းများပေါ်တွင် သဲများပုံကာ ကျွန်းသစ်များ ဖန်တီးခြင်းနှင့် ယင်းကျွန်းများကို စစ်ဘက်အတွက် အသုံးပြုခြင်းများ၊ ဆိပ်ကမ်းများနှင့် လေယာဉ်ပြေးလမ်းများ တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်လာခဲ့သည်။ တရုတ်၏ လုပ်ဆောင်ချက်များသည် ကုလသမဂ္ဂ၏ ဥပဒေသဘောတူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမေရိကန်က ထောက်ပြခဲ့ပြီးနောက် ၎င်း၏ ကိုယ်ပိုင် ကာလရှည် မဟာဗျူဟာနှင့် စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ရန် နယ်မြေပိုင်ဆိုင်မှုအပေါ် တရုတ်၏ ကြေညာချက်များကို ရင်ဆိုင်စိန်ခေါ်မှုအနေဖြင့် လွတ်လပ်သည့် ရေကြောင်း လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။ မတ်လအတွင်းက တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွား သန္တာကျောက်တန်းဝန်းမှ တရုတ် သင်္ဘောငယ် ၂၀၀ ခန့် ထွက်သွားရန် ဖိလစ်ပိုင်က တောင်းဆိုခဲ့သော်လည်း ထွက်ခွာခဲ့ခြင်းမရှိပေ။ တရုတ်က ဖိလစ်ပိုင် ကမ်းရိုးတန်းမှ ရေမိုင် ၁၇၅ မိုင်အကွာအဝေးရှိ ဝှစ်ဆန်သန္တာကျောက်တန်းကို ပိုင်ဆိုင်ကြောင်းလည်း ကြေညာထားသည်။ အမေရိကန်က ဖိလစ်ပိုင်ကို ထောက်ခံခဲ့ပြီး တရုတ်အနေဖြင့် အခြားနိုင်ငံများကို ခြိမ်းခြောက်နေကြောင်း စွပ်စွဲခဲ့သည်။ တရုတ်အနေဖြင့် ဒီမိုကရေစီ စံနှုန်းများကို မလေးစားသည့် လုပ်ဆောင်ချက်များ ပြုလုပ်နေသလို လွတ်လပ်သော ကမ္ဘာကြီး၏ အရေးပါမှုကိုလည်း နားလည်ခြင်း မရှိပေ။

တိဗက်နှင့် ဝီဂါကဲ့သို့ တရုတ်နိုင်ငံတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒုက္ခကိုလည်း အများက သိထားကြသည်။ သို့သော် တရုတ်၏ အသာစီးယူမှုစရိုက်သည် ၎င်း၏ နိုင်ငံနယ်နမိတ်ကို စတင်ကျော်လာပြီ ဖြစ်သည်။ မြန်မာသည် ထင်ရှားသည့် နမူနာတစ်ခုဖြစ်သည်။ စစ်အာဏာသိမ်းမှုကို ကန့်ကွက်သည့် ပြည်သူများက တရုတ်နိုင်ငံသားများပိုင် စက်ရုံများနှင့် ဆိုင်များကို မီးရှို့ကြသည်။ ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်ခံထားရသည့် အစိုးရကို ဖြုတ်ချသည့် စစ်အုပ်စုအား တရုတ်က ကူညီနေခြင်းကို ရပ်တန့်ရန် ယင်းကဲ့သို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။

ဟောင်ကောင်တွင်လည်း ဒီမိုကရေစီ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ဥပဒေပြုအဖွဲ့အား ရွေးကောက်ပွဲတိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့်ရှိသူ အရေအတွက်ကို အများအပြား လျှော့ချလိုက်သည်။ ကိုယ်စားလှယ်နေရာကို လက်ရှိ ၇၀ တွင် ၃၅ ဦးအား တိုက်ရိုက် ရွေးချယ်ရပြီး နေရာ၉၀ အထိ တိုးမြှင့် သတ်မှတ်ရာတွင် ၂၀ ဦးကိုသာ တိုက်ရိုက် ရွေးချယ်ခွင့်ရတော့မည်ဖြစ်သည်။ ပိုမိုလွတ်လပ်သည့် နိုင်ငံရေးစနစ်ရှိသော ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်၊ ဒီမိုကရေတောင်းဆိုသည့် လှုပ်ရှားမှုများကို ဖိနှိပ်ရန် နိုင်ငံတော်လုံခြုံရေးဥပဒေကို ပြဌာန်းလိုက်သည်။

QUAD သည် စစ်‌ရေးမဟာမိတ်မဟုတ်ကြောင်း အိန္ဒိယအစိုးရက အခိုင်အမာ ပြောကြားနေသော်လည်း တရုတ်က ယင်းမဟာမိတ်အဖွဲ့အား ယခင်ဖြစ်စဉ်များနှင့် မတူဘဲ ပြင်းထန်စွာ ဆန့်ကျင်လျှက်ရှိသည်။ တရုတ်အနေဖြင့် သက်တောင့် သက်သာ မဖြစ်သလို အာဆီယံကဲ့သို့ အရှေ့တောင်အာရှဒေသတွင် တရုတ်၏ ချုပ်ကိုင်မှုများကို စောင့်ကြည့်နေသည့် အခြား လုံခြုံရေးဆိုင်ရာ မဟာမိတ်များလည်း ရှိနေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ထိတ်လှန့် တုန်လှုပ်စေသည့် အချက်မှာ အမေရိကန်က QUAD အဖွဲ့တွင် တိုက်ရိုက် ပါဝင်နေခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required