အမေရိကန်က ငွေကြေးထောက်ပံ့ထားသည့် သိပ္ပံပညာရှင် ရာပေါင်းများစွာကို တရုတ်က စည်းရုံးထားဖွယ်ရှိ

By The Geneva Daily
29 April 2021
အမေရိကန်က ငွေကြေးထောက်ပံ့ထားသည့် သိပ္ပံပညာရှင် ရာပေါင်းများစွာကို တရုတ်က စည်းရုံးထားဖွယ်ရှိ

အမေရိကန်နိုင်ငံ ဖက်ဒယ်ရန်ပုံငွေဖြင့် ထောက်ပံ့ထားသည့် နိုင်ငံအဝှမ်းရှိ ကောလိပ်နှင့် တက္ကသိုလ်များမှ သိပ္ပံပညာရှင် ရာပေါင်းများစွာကို တရုတ်က စည်းရုံးထားဖွယ်ရှိကြောင်း အမေရိကန် အရာရှိများက စိုးရိမ်လျှက်ရှိသည်။

အမေရိကန် ဆီးနိတ်လွှတ်တော်၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားနှင့် ပင်စင်ရေးရာ ကော်မတီ (HELP) ရှေ့မှောက်တွင် အမေရိကန်သိပ္ပံပညာရှင် ၅၀၀ ကျော်ကို တရုတ်နှင့် အခြားနိုင်ငံများက စည်းရုံးသိမ်းသွင်းမှုအတွက် မကြာသေးမီက စစ်ဆေးခဲ့ကြောင်း Fox News သတင်းဌာနက ဖော်ပြခဲ့သည်။

ဇီဝဆေးပညာဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်မှုကို အခွင့်အရေးယူရန် ပြည်ပအစိုးရများက လုပ်သည့် စနစ်တကျ အစီအစဉ်များ၊ အမေရိကန်က ထောက်ပံ့ထားသည့် သုတေသန ပညာရှင်များကို အလွန်အကျွံ လွှမ်းမိုးမှုများနှင့် ပတ်သက်၍ အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

အမျိုးသား ကျန်းမာရေးဆိုင်ရာဌာနများ (NIH) မှ အကြီးတန်းအရာရှိ မိုက်ကယ်လော်ရာက ၎င်းတို့၏ အခြေခံကျန်းမာရေး သုတေသနဌာနက စိုးရိမ်ရသည့် သိပ္ပံပညာရှင်များကို သိရှိအောင်လုပ်ခဲ့ပြီး ဖက်ဒရယ်အစိုးရ၏ ထောက်ပံ့ကြေး ရယူထားသည့် ဌာန ၂၀၀ မှ ၉၀၀ အထိကိုလည်း စစ်ဆေးခဲ့သည်။

စုံစမ်းမေးမြန်းနေသည့် သိပ္ပံပညာရှင် ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်က ပံ့ပိုးထားကြောင်း လော်ရာက ကော်မတီ၏ ကြားနာမှုတွင် ဖြေဆိုခဲ့သည်။

HELP ကော်မတီ ဥက္ကဌ အထက်လွှတ်တော်အမတ် ပတ်တီမော်ရေးက NIH မှ အစီရင်ခံစာနှင့် ထောက်ပံ့ကြေး ရယူထားသူ ၅၀၇ဦးအကြား ကြုံတွေ့ရသည့် အကျိုးစီးပွား ဝိရောဒိဖြစ်ခြင်းတို့ကို လည်း ပြောကြားခဲ့သည်။

“ပြည်ပနိုင်ငံအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားတဲ့ သုတေသနပညာရှင်တွေ၊ ပြည်ပနိုင်ငံတွေရဲ့ ပညာတော်သင် အစီအစဉ်တွေ သို့မဟုတ် ကတိကဝတ်မှာ ပါဝင်ပြီး အကျိုးစီးပွား ဝိရောဒိ ဖြစ်နိုင်သူတွေအနေနဲ့ မူပိုင်ခွင့်တင်ခြင်း၊ လုပ်ဆောင်နေတဲ့ ဓာတ်ခွဲခန်း ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြည်ပကို ပြောင်းရွှေ့ခြင်းတွေကို ဖက်ဒရယ်ထောက်ပံ့ကြေးလျှောက်ထားတဲ့အခါမှာတင်ပြရမှာပါ” ဟု မော်ရေးက ပြောကြားသည်။

နောက်ဆုံးထွက်ရှိလာသည့် အစီရင်ခံစာတွင် ထောက်ပံ့ကြေး လက်ခံသူများအနက် ၅၀၇ ဦး ကိုသာ အကျိုးစီးပွား ဝိရောဒိ ဖြစ်ဖွယ်ရာ တွေ့ရှိခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်က ၃၀၀၀၀ အထိ ရှိခဲ့သည်။

အမေရိကန်အေဂျင်စီက အချို့ဖြစ်စဉ်များတွင် သိပ္ပံပညာရှင်များကို တာဝန်မှ ရပ်နားခြင်း၊ စစ်ဆေးစုံစမ်းခြင်း၊ ထောက်ပံ့ငွေအစီအစဉ် ရပ်ဆိုင်းခြင်းနှင့်အချို့ကို တရားစွဲခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု Fox News တွင် ဖော်ပြခဲ့သည်။

လူ့အခွင့်အရေး၊ ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဉာဏမူပိုင်ခွင့် ခိုးယူခြင်းများနှင့် ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအပါအဝင် အကြောင်းကိစ္စအများအပြားကြောင့် ပြီးခဲ့သည့် နှစ်များအတွင်း တင်းမာမှုများ မြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required