စပိန်ကမ်းခြေတစ်ခုဆီ ရွှေ့ပြောင်းဝင်ရောက်သူ ရုပ်အလောင်း ၂၀ ကျော်ပါ လှေတစ်စင်း မျောလာ 

စပိန်ကမ်းခြေတစ်ခုဆီ ရွှေ့ပြောင်းဝင်ရောက်သူ ရုပ်အလောင်း ၂၀ ကျော်ပါ လှေတစ်စင်း မျောလာ 

ဧပြီ ၂၉ 

စပိန်နိုင်ငံ ကာနာရီကျွန်းစုက ကမ်းခြေဆီ ဗုဒ္ဓဟူးနေ့က ရွှေ့ပြောင်းဝင်ရောက်သူ ရုပ်အလောင်း ၂၄ လောင်း ပါရှိတဲ့ လှေတစ်စင်း မျောလာကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

အဲဒီ သစ်သားလှေကို စပိန်ရေကြောင်းကယ်ဆယ်ရေးအဖွဲ့ ရေယာဉ်က အရေးပေါ်ဝန်ထမ်းတွေ စောင့်ဆိုင်းနေတဲ့ တီနာရီဖီကျွန်းက လော့စ်ခရစ်တီယာနို့စ် ဆိပ်ကမ်းဆီ ဆွဲယူလာခဲ့တာ ဖြစ်ပါတယ်။ 

“စက်လှေပေါ်က ရုပ်အလောင်းတွေကို မီးသတ်သမားတွေက သယ်ယူရွှေ့ပြောင်းနေပါတယ်၊ သင်္ချိုင်းဆီ ပို့ဆောင်တော့မှာပါ”လို့ စပိန်ကြက်ခြေနီအသင်းက ဒိုမင်ဂိုမာတင်က သတင်းထောက်တွေကို ပြောပါတယ်။ 

အစပိုင်းမှာ စပိန်ရေကြောင်းကယ်ဆယ်ရေးဌာန အဲဒီ လှေပေါ် ရုပ်အလောင်း ၁၇ လောင်း ပါရှိတာလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဆိပ်ကမ်းဆီ ရောက်ပြီးနောက်မှာ လှေထဲ အသက်မပြည့်သေးတဲ့သူ နှစ်ဦးအပါအဝင် ရုပ်အလောင်း ၂၄ လောင်း တွေ့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အဲဒီ လှေကို အယ်ဟီအာရိုကျွန်းရဲ့ အရှေ့တောင်ဖက် မိုင် ၃၀၀ အကွာမှာ တနင်္လာနေ့က စပိန်လေတပ်လေယာဉ်တစ်စင်း ပုံမှန်ကင်းလှည့်ချိန်မှာ ဦးဆုံးတွေ့ရှိခဲ့တာပါ။ 

လှေပေါ်မှာ အသက်ရှင်ဆဲ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို စပိန်စစ်တပ်ရဟတ်ယာဉ်ကနေ သယ်ယူပြီး ဆေးရုံပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီထဲက အမျိုးသားတစ်ဦးဟာ ရေဓာတ်ကုန်ခန်းပြီး စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ အရေးပေါ်ဌာနက တွစ်တာမှာ ရေးသားပါတယ်။ 

လှေပေါ်ပါသူ ရွှေ့ပြောင်းဝင်ရောက်သူအားလုံးဟာ အာဖရိကနွယ်ဖွားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ကာနာရီကျွန်းစုတွေဆီ ရွှေ့ပြောင်းဝင်ရောက်သူပေါင်း ၂၃၀၂၃ ရောက်ရှိခဲ့ပြီး ၂၀၁၉ က နှုန်းထားထက် ရှစ်ဆ ပိုပြီးများပြားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly