နှာခေါင်းစည်း မတပ်တာကြောင့် ထိုင်းဝန်ကြီးချုပ် ဒဏ်ငွေအရိုက်ခံရ 

နှာခေါင်းစည်း မတပ်တာကြောင့် ထိုင်းဝန်ကြီးချုပ် ဒဏ်ငွေအရိုက်ခံရ 
Photo - AFP

ဧပြီ ၂၈

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးပွားနေတာ ရပ်တန့်ရေး ကြိုးပမ်းပြီး ကိုဗစ်-၁၉ စည်းမျဉ်းသစ်တွေ ချမှတ်ပြဋ္ဌာန်းပြီးနောက်မှာ ဝန်ကြီးချုပ်ကို နှာခေါင်းစည်း မတပ်တာအတွက် တနင်္လာနေ့မှာ ဒဏ်ငွေရိုက်ခဲ့ပါတယ်။ 

နိုင်ငံအတွင်း တနင်္လာနေ့က လူ ၂၀၀၀ ကျော် ကူးစက်ဖြစ်ပွားမှုနဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လျက် ရှိနေတာပါ။ နိုင်ငံရဲ့ အကြီးဆုံး သုဝဏ္ဏဘူမိလေဆိပ်က ဝန်ထမ်းတွေကိုလည်း တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးတာတွေ ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။ 

လက်ရှိမှာ ပြည်နယ် ၄၉ ပြည်နယ်နဲ့ မြို့တော်ဘန်ကောက်မှာ နှာခေါင်းစည်း မတပ်မနေရ ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။ အချို့နေရာတွေမှာ ဒဏ်ကြေးအဖြစ် ဘတ်ငွေ ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၄၀ ဒေါ်လာ) ဒဏ်ရိုက်ဖို့ ချမှတ်ထားတာလည်း ဖြစ်ပါတယ်။ 

အစည်းအဝေးတစ်ရပ်ဆီ နှာခေါင်းစည်း မပါဘဲ တက်ရောက်တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ဓာတ်ပုံတွေ တနင်္လာနေ့က လူမှုမီဒီယာအပေါ် ထွက်ပေါ်လာပြီးနောက်မှာ ဝန်ကြီးချုပ်ကို ဒဏ်ကြေး ဘတ်ငွေ ၂၀၀၀၀ ဒဏ်ရိုက်ခဲ့တယ်လို့ ဘန်ကောက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 
“ဘန်ကောက်အုပ်ချုပ်ရေးမှူးအနေနဲ့ ဝန်ကြီးချုပ်ကို တိုင်ကြားချက်ဖွင့်ခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ဟာ ဒဏ်ငွေဆောင်ခဲ့ပါတယ်”လို့ အုပ်ချုပ်ရေးမှူး အက်ဝင်ခွန်မောင်းက ဖေ့ဘုတ်မှာ ရေးသားပါတယ်။ 

တနင်္လာနေ့ တစ်ရက်တည်းမှာ ထိုင်းနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူဦးရေဟာ ၂၀၄၈ ဦး ရှိခဲ့ပါတယ်။ ဒီမတိုင်ခင်ရက်က ကပ်ဘေးအတွင်း တစ်ရက်တည်း သေဆုံးနှုန်း အမြင့်ဆုံးအဖြစ် လူ ၁၁ ဦး ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ရပါတယ်။ 

လက်ရှိ နောက်ဆုံး ကူးစက်ဖြစ်ပွားမှုတွေ မတိုင်ခင်ထိတော့ ထိုင်းနိုင်ငံဟာ ခရီးသွားကန့်သတ်ချက်တွေနဲ့ အတည်ပြုလူနာကို အားချင်း သီးခြားခွဲထားတာတွေစတဲ့ ကန့်သတ်စည်းမျဉ်းတွေကြောင့် ကူးစက်မှုနှုန်းကို ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံပေးရေးမှာ ဒေသတွင်း အခြားသော နိုင်ငံတွေထက် နောက်ကောက်ကျနေပြီး နှေးကွေးလျက် ရှိတယ်လို့ မကျေမနပ် ပြောဆိုမှုတွေ ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required