ခြိမ်းခြောက်မှုတွေကြောင့် အာဖဂန်မှ ထွက်ခွာကြရန် ဝန်ထမ်းတွေကို အမေရိကန် အမိန့်ထုတ်

ခြိမ်းခြောက်မှုတွေကြောင့် အာဖဂန်မှ ထွက်ခွာကြရန် ဝန်ထမ်းတွေကို အမေရိကန် အမိန့်ထုတ်
Photo - AFP

ဧပြီ ၂၈

အာဖဂန်နစ္စတန်နိုင်ငံမှာ နှစ် ၂၀ ကြာ စစ်ပွဲအဆုံးသတ်ဖို့ အမေရိကန်က ပြင်ဆင်နေချိန် ခြိမ်းခြောက်မှုတွေ တိုးမြင့်လာတာကို ထောက်ဆပြီး ကဘူးလ်သံရုံးက မရှိမဖြစ် မဟုတ်တဲ့ ဝန်ထမ်းတွေကို ထွက်ခွာကြဖို့အတွက် အင်္ဂါနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။ 

လက်ရှိ အာဖဂန်မှာ ရှိနေတဲ့ အမေရိကန်တပ်အင်အား ၂၅၀၀ ဝန်းကျင်ကို စက်တင်ဘာမကုန်ခင် ရုပ်သိမ်းမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာပြီး သီတင်းနှစ်ပတ်မြောက်မှာ ခုလို အမိန့်ထုတ်လာတာလည်း ဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဇယ်မေခါလီဇက်က တာလီဘန်တွေ ကြီးစိုးတဲ့ အစိုးရတစ်ရပ်ဟာ လူအခွင့်အရေးကို လေးစားလိုက်နာမှု မရှိရင် အမေရိကန်ရဲ့ အကူအညီတွေကို သိသိသာသာ လျှော့ချပစ်နိုင်ကြောင်း ဆီးနိတ်ကြားနားမှုမှာ သတိပေး ပြောဆိုခဲ့ပါတယ်။ 

ကဘူးလ်က အမေရိကန်သံရုံးက ဝန်ထမ်းတွေထဲမှာ လုပ်ငန်းဆောင်တာတွေကို အခြားနေရာတွေကနေ လှမ်းလုပ်နိုင်တဲ့ ဝန်ထမ်းတွေအနေနဲ့ အာဖဂန်နိုင်ငံတွင်းကနေ ထွက်ခွာကြဖို့ အမိန့်ထုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခရီးသွားအကြံပေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကဘူးလ်မှာ အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မှုသတင်းတွေ တိုးများလာတာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ခုလို အမိန့်ထုတ်ရတာ ဖြစ်တယ်လို့ ကဘူးလ်က အမေရိကန်ယာယီသံအမတ်ကြီး ရို့ဝီဆန်က ပြောပါတယ်။ 

အမိန့်အရ အကျုံးဝင်မယ့် ဝန်ထမ်းဦးရေဟာ နည်းပါးပြီး သံရုံးဟာလည်း ဆက်လက်လုပ်ငန်းလည်ပတ်သွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

“အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းတဲ့ လုပ်ငန်းစဉ်မှာ အာချင်းလိုအပ်နေတဲ့ အမှုထမ်းတွေနဲ့ အာဖဂန်ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကတော့ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်”လို့ ရို့ဝီဆန်က ပြောပါတယ်။ 

အခုလ အစောပိုင်းမှာ သမ္မတ ဂျိုးဘိုင်ဒင်ဟာ အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်တပ်အားလုံးကို ၉/၁၁ တိုက်ခိုက်မှုကြီး နှစ် နှစ်ဆယ်ပြည့် စက်တင်ဘာ ၁၁ ရက် မကျော်လွန်ခင် အကုန်လုံး ရုပ်သိမ်းမှာဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required