ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများ ကြပ်မတ်ရာတွင် စစ်တပ်၏ အကူအညီယူရန် ပါကစ္စတန် အစိုးရထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများ ကြပ်မတ်ရာတွင် စစ်တပ်၏ အကူအညီယူရန် ပါကစ္စတန် အစိုးရထုတ်ပြန်

ပါကစ္စတန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာသောကြောင့် လုပ်ငန်းစဉ် စံနှုန်းများ (SOPs) ကို အကောင်အထည်ဖော်ရာတွင် ပြည်နယ်များနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးအဖွဲ့များက စစ်တပ်၏ အကူအညီ ရယူရန် အစိုးရက ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

အစိုးရ၏ ထုတ်ပြန်ချက်အရ ဆင်းပြည်နယ်မှအပ ကျန်ပြည်နယ်များနှင့် ဖက်ဒရယ်နယ်မြေများသည် ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် လုပ်ငန်းစဉ် စံနှုန်းများအကောင်အထည်ဖော်ရာတွင် လိုအပ်ချက်နှင့်အညီ ပါကစ္စတန်စစ်တပ်၏ အကူ အညီများကို ရယူနိုင်သည်ဟု ဆိုသည်။

ဧပြီလ ၂၃ ရက်တွင် ကိုဗစ်ဗိုင်းရပ်စ် တတိယလှိုင်းကို ထိန်းချုပ်ရန်အတွက် ပါကစ္စတန်ပြည်သူများအား အစိုးရက သတ်မှတ်ထားသော လုပ်ငန်းစဉ် စံနှုန်းများ ကို လိုက်နာရန် ဝန်ကြီးချုပ် အမာရန်ခန်းက တောင်းဆိုခဲ့သည်။ ယင်းစံနှုန်းသတ်မှတ်ချက် များကို လိုက်နာခြင်းမရှိပါက အစိုးရက အသွားအလာတားမြစ်ခြင်းကို မဖြစ်မနေပြုလုပ်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။

"ဒီနေ့ပဲ အသွားအလာကန့်သတ်မှု ပြုလုပ်ဖို့ လူတွေက ပြောနေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီလိုမျိုး လုပ်မှာမဟုတ်ဘူး။ ကျွန်တော် မကြာခဏပြောသလိုပါပဲ နေ့စားတွေနဲ့ အလုပ်သမားတွေက အများဆုံး ထိခိုက်ခံစားရမှာမို့ပါ" ဟု သူက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအမြင့်မားဆုံးနေ့ဖြစ်ကြောင်း ကြေညာပြီး နောက်တစ်ရက်ဖြစ်သော ဧပြီလ ၂၅ရက်တွင် ပါကစ္စတန် ကိုဗစ်ကူးစက်ခံရမှုရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်း ကျော်မြင့်တက်သွားသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အသစ်ကူးစက်မှုပေါင်း ၅,၆၁၁ ဦးရှိခဲ့ပြီး ၁၁၈ ဦးမှာသေဆုံးခဲ့ရသည်ဟု ARY News မှ ဖော်ပြခဲ့သည်။

ပါကစ္စတန်ပြည်သူ့ပါတီ(PPP) ဥက္ကဋ္ဌ ဘီလာဝယ်လ်ဘူတိုဇာဒါရီက တိုင်းပြည်အတွင်း အလျင်အမြန်မြင့်တက်နေသော ကိုဗစ်-၁၉ အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အစိုးရက အချိန်မီ ကာကွယ်ဆေးများလုံလောက်အောင် မရယူနိုင်ခဲ့ဟုစွပ်စွဲခဲ့သည်။

ဝန်ကြီးချုပ် အမာရန်ခန်းက ကိုဗစ်ဗိုင်းရပ်စ် ကယ်ဆယ်ရေးရန်ပုံငွေ၏ ရူပီးငွေတိုင်းအတွက်တာဝန်ရှိသည်ဟု ဘီလာဝယ်လ်ကပြောကြားခဲ့ပြီး ရောဂါ ပျံ့ပွားမှုတားဆီးရေးအတွက် တိုင်းပြည်အတွင်း လုပ်ငန်းစဉ် စံနှုန်းသတ်မှတ်ချက် များအကောင်အထည်ဖော်ရန် ပြီးခဲ့သည့်နှစ်က တည်ထောင်ခဲ့သော Tiger Force ဟုခေါ်သော သူ၏ ကျားတပ်ဖွဲ့ မည်သို့ဖြစ်ပျက်သွားသည်ကို နိုင်ငံအား ရှင်းပြပေးရန် သူက တောင်းဆိုခဲ့သည်ဟု Dawn က ဖော်ပြခဲ့သည်။

ကိုဗစ်-၁၉ အား တိုက်ဖျက်ရန်အတွက် ရဲများအား အကူအညီပေးရန် စစ်တပ်ကို တပ်ဖြန့်မည်ဖြစ်ကြောင်း အမာရန်ခန်းက ကြေညာပြီးနောက်တစ်ရက်တွင် ပါကစ္စတန်ပြည်သူ့ပါတီ(PPP) ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly