ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာတာကြောင့် ကန့်သတ်စည်းမျဉ်းသစ်တွေ ချမှတ် 

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာတာကြောင့် ကန့်သတ်စည်းမျဉ်းသစ်တွေ ချမှတ် 
Photo - AFP

ဧပြီ ၂၇

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရုံးပိတ်ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ တစ်ရက်တာ စံချိန်တင် မြင့်တက်တာ ကြုံခဲ့ရတဲ့ ကူးစက်ဖြစ်ပွားမှု မြင့်မားနေတာကို တန့်ရပ်နိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ ကိုဗစ်-၁၉ ကန့်သတ်စည်းမျဉ်းသစ်တွေကို တနင်္လာနေ့မှာ ချမှတ်ပြဋ္ဌာန်းလာခဲ့ပါတယ်။ 

ဘန်ကောက်အပြင် အခြား ပြည်နယ် ၄၇ ပြည်နယ်မှာ လက်ရှိဆိုရင် အများပြည်သူနေရာတွေမှာ နှာခေါင်းစည်း မတပ်မနေရ စည်းမျဉ်းချမှတ်ထားပြီး အချို့နေရာဒေသတွေမှာလည်း ဘတ်ငွေ ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၄၀ ဒေါ်လာ) ဒဏ်ရိုက်ဖို့ ပြဋ္ဌာန်းထားပါတယ်။ 

ဘန်ကောက်မြို့တော်က အာဏာပိုင်တွေဟာ ရုပ်ရှင်ရုံတွေ၊ ပန်းခြံတွေ၊ အားကစားခန်းမတွေ၊ ရေကူးကန်တွေ၊ ရေပူစမ်းတွေနဲ့ ကလေးကစားကွင်းတွေ အပါအဝင် အများပြည်သူများစွာကို ပိတ်ထားပြီး ဖြစ်ပါတယ်။ 

အခု ကန့်သတ်စည်းမျဉ်းသစ်တွေ မချမှတ်ခင် သီတင်းတစ်ပတ်အလိုကလည်း အာဏာပိုင်တွေဟာ ဘားဆိုင်တွေနဲ့ နိုက်ကလပ်တွေကို ပိတ်ခိုင်းပြီး စားသောက်ဆိုင်တွေမှာလည်း အရက်သေစာ ရောင်းချတာကို တားမြစ်မိန့် ထုတ်ထားခဲ့တာပါ။ 

ဧပြီလအစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ ၂၉၀၀၀ ရှိနေရာက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ၅၇၅၀၀ အထိ စုစုပေါင်း ကူးစက်သူဦးရေ မြင့်တက်ရောက်ရှိလာပြီးနောက် ခုလို ကန့်သတ်တားမြစ်တာတွေ ချမှတ်လာတာလည်း ဖြစ်ပါတယ်။ 

တနင်္လာနေ့ တစ်နေ့တည်းမှာ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံရသူ ၂၀၄၈ ဦး ရှိခဲ့ပါတယ်။ ဒီမတိုင်ခင်ရက်က ထိုင်းနိုင်ငံမှာ ကပ်ဘေးအတွင်း စံချိန်တင် အမြင့်ဆုံး သေဆုံးတာအဖြစ် ကိုဗစ်-၁၉ ကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ရတာပါ။ 

အခု နောက်ဆုံး ကူးစက်ဖြစ်ပွားမှု မတိုင်ခင်အထိ ထိုင်းနိုင်ငံဟာ ခရီးသွားလာမှု ကန့်သတ်ချက်တွေနဲ့ အတည်ပြုလူနာတွေကို အားချင်း သီးခြားခွဲထားတဲ့ လုပ်ဆောင်ချက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းကို လျော့နည်းကျဆင်းအောင် စီမံခန့်ခွဲထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံပေးတာ နှေးကွေးပြီး ဒေသတွင်းမှာ အခြားနိုင်ငံတွေထက် နောက်ကောက်ကျနေတယ်လို့ မကျေမနပ် ပြောဆိုချက်တွေလည်း ရှိနေပါတယ်။ 

အစိုးရဟာ ကာကွယ်ဆေးတွေ ပိုမိုရရှိအောင် ကြိုးစားနေပြီး တစ်နေ့ကို လူပေါင်း သုံးသိန်းကို ကာကွယ်ဆေး ထိုးနှံပေးမယ့် အစီအစဉ် ရှိထားတယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဖေ့ဘုတ်ကနေ ရေးသားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly