အမေရိကန်က AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၆၀ ဝေမျှမည် 

အမေရိကန်က AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၆၀ ဝေမျှမည် 
Photo - AFP

ဧပြီ ၂၇

အမေရိကန်နိုင်ငံအနေဖြင့် AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၆၀ ကို ဝေမျှသွားမှာဖြစ်တယ်လို့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ပြောပါတယ်။ 

အခြားနိုင်ငံတွေ ဒုက္ခခံစားနေရတဲ့အချိန်မှာ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရဟာ ကာကွယ်ဆေးတွေကို သိမ်းဆည်းသိုလှောင်ထားတာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက်မှာ ခုလို ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ 

“အခြားနိုင်ငံတွေအနေနဲ့ ကာကွယ်ဆေး ရရှိဖို့ ဖြစ်လာတာကြောင့် အမေရိကန်ဟာ AstraZeneca ကာကွယ်ဆေး သန်း ၆၀ ကို ဝေမျှပေးသွားမှာ ဖြစ်တယ်”ဆိုပြီး ကိုဗစ်တုံ့ပြန်ရေးဆိုင်ရာ အိမ်ဖြူတော်အကြီးတန်းအကြံပေး အန်ဒီဆလာဗစ်က တွစ်တာမှာ ရေးသားပါတယ်။ 

ကာကွယ်ဆေး ဘယ်လောက်အထိ တင်ပို့ပေးသွားဖို့ အသင့်ရှိနေတယ်ဆိုတာနဲ့ ဘယ်နိုင်ငံတွေဆီ ဝေမျှပေးမလဲဆိုတာ လတ်တလော ရှင်းရှင်းလင်း မသိသေးပါ။ “ခုချိန်မှာတော့ ကာကွယ်ဆေး ရနိုင်တဲ့ နိုင်ငံက အနည်းငယ်ပဲ ရှိနေသေးဆဲ ဖြစ်တယ်”လို့ အန်ဒီဆလာဗစ်က ပြောပါတယ်။ 

ဒါပေမဲ့ သမ္မတ ဂျိုးဘိုင်ဒင်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနဲ့ ဖုန်းပြောဆိုခဲ့ရာမှာတော့ မကြာသေးခင်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေတဲ့ ဒဏ်ကို ရင်ဆိုင်နေရတဲ့ အိန္ဒိယပြည်သူတွေကို ကူညီဖေးမသွားမယ့် အမေရိကန်နိုင်ငံရဲ့ မဖောက်ပြန်တဲ့ သဘောထားကို ကတိကဝတ်ပြုခဲ့ပါတယ်။ 

အမေရိကန်ဟာ အောက်ဆီဂျင်အထောက်အကူပြုပစ္စည်းတွေ၊ ကာကွယ်ဆေးပါဝင်ပစ္စည်းတွေနဲ့ ကုသနည်းတွေအပါအဝင် အရေးပေါအကူအညီ အမျိုးမျိုးကို ထောက်ပံ့ပေးလျက်ရှိပါတယ်လို့ ဂျိုးဘိုင်ဒင်က မိုဒီကို ပြောခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြပါတယ်။ 

ကာကွယ်ဆေးတွေကို ပြည်ပဆီ မပို့ခင်မှာ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက အရည်အသွေး စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဂျင်ဆာကီက သတင်းထောက်တွေကို ပြောပါတယ်။ 

“ကျွန်တော်တို့ အစီအစဉ်အကြောင်း ပိုပြီး အသေးစိတ်ကျကျ ကျွန်တော်တို့အဖွဲ့ မျှဝေပေးသွားမှာပါ၊ ခုချိန်မှာတော့ ကျွန်တော်တို့ဟာ အစီအစဉ်တွေကို ရေးဆွဲနေဆဲ ဖြစ်တာမို့ပါ”လို့ သူက ထပ်လောင်းပြောပါတယ်။ 

အမေရိကန်နိုင်ငံမှာ ကာကွယ်ဆေး အာမခံချက် ကျိန်းသေမှု ရှိလာပြီး ပြည်တွင်းလိုအပ်ချက် လျော့ကျစ ပြုလာချိန်မှာ အိန္ဒိယလို နိုင်ငံတွေဟာ အမြောက်အများ ကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်နေရတာကြောင့် ကာကွယ်ဆေး ပြည်ပတင်ပို့မှုအပေါ် တားမြစ်ချက်တွေကို ရုပ်သိမ်းဖို့နဲ့ ကာကွယ်ဆေး ဝေမျှပေးရေးတွေအတွက် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required