လူ ၈၀ ကျော် သေဆုံးခဲ့သည့် အီရတ် ဆေးရုံမီးလောင်မှုဖြစ်စဥ် ဖြစ်ပြီးနောက် တာ၀န်ရှိသူများ ရာထူးမှ နုတ်ထွက်ရန် တောင်းဆို

လူ ၈၀ ကျော် သေဆုံးခဲ့သည့် အီရတ် ဆေးရုံမီးလောင်မှုဖြစ်စဥ် ဖြစ်ပြီးနောက် တာ၀န်ရှိသူများ ရာထူးမှ နုတ်ထွက်ရန် တောင်းဆို
Photo - AFP

ဧပြီ ၂၆

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ကိုဗစ်-၁၉ ကုသရေး‌ဆေးရုံတစ်ရုံတွင် ဧပြီ ၂၅ ရက်က မီးလောင်မှုဖြစ်ပြီး လူ  ၈၀ ဦးကျော် သေဆုံးခဲ့ပြီးနောက် ထိုဖြစ်စဥ်အတွက် သက်ဆိုင်ရာတာ၀န်ရှိသူများကို ရာထူးမှ ထုတ်ပယ်ရေးအတွက် နိုင်ငံတောင်ပိုင်း ကာဘာလာမြို့ရှိ မြို့ခံပြည်သူများ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခုအခါ အဆိုပါ ဆေးရုံမီးလောင်မှုဖြစ်စဥ်က လူအများကို ဒေါသထွက်စေခဲ့ပြီးနောက် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြီးကြပ်သည့် အဆင့်မြင့်တာ၀န်ရှိသူများကို ရာထူးမှ ခေတ္တချထားခြင်းတို့လည်း ရှိခဲ့သည်။

ဘဂ္ဂဒက် အရှေ့ပိုင်းရှိ အင်အယ်လ်ခါတစ်ဘ် ဆေးရုံတွင် အောက်ဆီဂျင်အိုးများ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ဆရာ၀န်များက ပြောသည်။

သေဆုံးသူအများအပြားသည် အသက်ရှုစက်ရိယာများ တပ်ဆင်ထားရသည့် လူနာများဖြစ်ပြီး မီးလောင်မှုကြောင့် မီးလောင်ခံရခြင်း သို့မဟုတ် အသက်ရှုကျပ်ပြီး သေဆုံးခဲ့ရသည်။

“သုံးမိနစ်လောက်အတွင်းမှာပဲ မီးက အထပ်အများစုကို ကူးစက်သွားခဲ့တယ်” ဟု မီးသတ်ဌာနက ပြောသည်။

ယင်းမီးလောင်မှုဖြစ်စဥ်တွင် လူ ၈၂ ဦးသေဆုံးပြီး ၁၁၀ ခန့် ဒဏ်ရာရခဲ့ကြောင်း အီရတ် လူ့အခွင့်အရေး ကော်မရှင်က ပြောသည်။

ထိုဆေးရုံတွင် မီးဘေး ကာကွယ်ရေး စနစ် မရှိသလို တပ်ဆင်ထားသည့် မျက်နှာကြက်များကြောင့်လည်း မီးကို အလျင်အမြန် ကူးစက်စေခဲ့ကြောင်း မီးသတ်ဌာနက ပြောသည်။

ထိုဆေးရုံသည် ဘဂ္ဂဒက်မြို့စွန်တွင် ရှိပြီး မီးသတ်သမားများသည်လည်း နောက်ကျမှရောက်သွားခဲ့ကြောင်းလည်း သိရသည်။

ယခုအခါ အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွက် ကျန်းမာရေး၀န်ကြီး ဟာဆန် အယ်လ် တာမီမီနှင့် ဘဂ္ဂဒက်မြို့တော်၀န်တို့ကို ၀န်ကြီးချုပ် မူစတာဖာ အယ်လ် ခါဒီမီက ရာထူးခေတ္တချထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required