ကွန်မြူနစ်ပါတီကို သစ္စာစောင့်သိပြီး စူးစမ်းတက်သူများကို တရုတ်တက္ကသိုလ်များက မွေးထုတ်ပေးသင့်ကြောင်း ရှီကျင့်ဖျင် ပြောကြား

ကွန်မြူနစ်ပါတီကို သစ္စာစောင့်သိပြီး စူးစမ်းတက်သူများကို တရုတ်တက္ကသိုလ်များက မွေးထုတ်ပေးသင့်ကြောင်း ရှီကျင့်ဖျင် ပြောကြား

တရုတ်တက္ကသိုလ်များက ဆိုရှယ်လစ်အကြောင်းတရားများကို သစ္စာစောင့်သိပြီး စူးစမ်းတက်ကာ ဆန်းသစ် တီထွင်တက်သည့် စိတ်မျိုးရှိသော မျိုးဆက်သစ်များကို လေ့ကျင့်ပေးရန် ရည်မှန်းသင့်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ဧပြီလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

“ ဒီနှစ်က ကွန်မြူနစ်ပါတီရဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကျင်းပမယ့် နှစ်ပါ။ ပါတီနဲ့ နိုင်ငံတော်က အဆင့်မြင့်ပညာရေး၊ ဗဟုသုတ၊ သိပ္ပံပညာနဲ့ စွမ်းရည်မြင့်မားမှုတို့ကို လိုအပ်နေပြီး အရင်ခေတ်တွေကထက် ပိုပြီးလိုအပ်ပါတယ်”ဟု သူက ပေကျင်းရှိ ဆင်ဟွာတက္ကသိုလ်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်ဟု နိုင်ငံတော်ပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်ပညာရေးစနစ်၏ ရည်ရွယ်ချက်မှာ ဆိုရှယ်လစ်စနစ်၏ "တည်ဆောက်သူများနှင့် ဆက်ခံသူများ" ကို လေ့ကျင့်ပေးရန်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကွန်မြူနစ်ပါတီက ဇူလိုင် ၁ ရက်တွင်ကျရောက်မည့် ပါတီ၏ နှစ်ရာပြည့်အခမ်းအနားကျင်းပရန်ပြင်ဆင်မှုများကို အရှိန်မြှင့်တင်နေစဉ် အဆိုပါ တက္ကသိုလ်မှ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ရှီက ယင်းခရီးစဉ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနှစ်ပတ်လည်အခမ်းအနားသည် ယခုနှစ်အတွင်း တရုတ်အစိုးရ၏ အရေးအပါဆုံးသော နိုင်ငံရေး ဖြစ်ရပ်ဖြစ်ပြီး ရှီက ယင်းအထိမ်းအမှတ်အခါသမယကို ဂုဏ်ပြုရန်အတွက်“ ခမ်းနားကြီးကျယ်သော အခမ်းအနား” ကို ကျင်းပရန် ကတိပြုခဲ့သည်။ တစ်နိုင်ငံလုံးမှ တာဝန်ရှိသူများအား ထိုအခမ်းအနားအတွက် လူမှုရေး တည်ငြိမ်မှုရှိစေရန်ပြောကြားထားသည်။

ပါတီ၏ သမိုင်းကို လေ့လာရန် ပါတီဝင်များကိုသာမက သာမန်ပြည်သူလူထုများကိုလည်း နှိုးဆော်ထားရှိသည်။ ပါတီ၏ သမိုင်းကြောင်းနှင့် ပတ်သက်သည့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဇာတ်လမ်းကိုလည်း ထုတ်လွှင့် မည်ဖြစ်သည်။

ဧပြီလ ၁၉ရက် ခရီးစဉ်အတွင်း ရှီက မော်စီတုန်းခေတ်တွင် တီထွင်ခဲ့သော စကားလုံးဖြစ်သည့် “ အနီရောင်ပညာရှင်များ” အဖြစ် ကျောင်းသားများကို လေ့ကျင့်ပေးသည့် အစဉ်အလာအတွက် ဆင်ဟွာကို ချီးကျူးခဲ့သည်။ ဧပြီ ၂၅ရက်တွင် ယင်းတက္ကသိုလ်၏ ၁၁၀ နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကျင်းပမည်ဖြစ်သည်။

"ကျွန်တော်တို့ သင်တန်းတွေရဲ့ အရည်အသွေးကို စဉ်ဆက်မပြတ်တိုးတက်အောင်လုပ်ရပါမယ်။ တိုင်းပြည်က စဉ်းစားတွေးခေါ်တာတွေကို စဉ်းစားရမယ်၊ တိုင်းပြည်ရဲ့ စိုးရိမ်ပူပန်မှုတွေကို စိတ်ပူပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရပါမယ်" ဟု သူက ပြောသည်။

တရုတ်တက္ကသိုလ်များသည် ရှေ့တန်းရောက်နည်းပညာကို စူးစမ်းလေ့လာခြင်း၊ တီထွင်ဆန်းသစ်မှုစွမ်းရည်ကိုမြှင့်တင်ခြင်းနှင့် ရှိရင်းစွဲ သိပ္ပံနည်းကျသီအိုရီများကိုစိန်ခေါ်နိုင်သော “ စူးစမ်း တက်သည့် အတွေးအခေါ်” ကို အားပေးသင့်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required