တရုတ်၏ အင်အားတိုးချဲ့ခြင်းကို တုံ့ပြန်ရန် အမေရိကန်အနေဖြင့် ဂျပန်၏ အကူအညီလိုအပ်

တရုတ်၏ အင်အားတိုးချဲ့ခြင်းကို တုံ့ပြန်ရန် အမေရိကန်အနေဖြင့် ဂျပန်၏ အကူအညီလိုအပ်

တိုကျို

တရုတ်၏ အင်အားတိုးချဲ့လာခြင်းကို တုံ့ပြန်ရာတွင် အမေရိကန်အနေဖြင့် ၎င်း၏ မဟာမိတ်များ အထူးသဖြင့် အများဆုံးကို ဂျပန်မှ အကူအညီလိုအပ်မည်ဖြစ်ကြောင်း Nikkei Asia တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။

ကိုဗစ်နှင့် ဆက်နွှယ်သည့် ကန့်သတ်ချက်များ ရှိနေသော်လည်း ဝန်ကြီးချုပ် ဆူဂါ အိမ်ဖြူတော်သို့ သွားရောက် ခြင်းသည် ယင်းကိစ္စနှင့် သက်ဆိုင်နေကြောင်း အဆိုပါ ဆောင်းပါးတွင် ကီရိုတာရူ ဆူဆူအီက ရေးသားထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဇန်နဝါရီလအတွင်း တာဝန်စတင် ထမ်းဆောင်ချိန်နောက်ပိုင်း ဝန်ကြီးချုပ် ဆူဂါနှင့် ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်သည်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သမိုင်းအချက်အလက်ဆိုင်ရာ ရုံး၏ ဖော်ပြချက်အရ ဂျပန်ဝန်ကြီးချုပ်တစ်ဦးက အမေရိကန်သမ္မတသစ်အား အိမ်ဖြူတော်၌ ပထမဆုံး လာရောက်တွေ့ဆုံသည့် ဖြစ်စဉ်သည် ပြည်ပခေါင်းဆောင်တစ်ဦးက ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံသည့် ဒုတိယမြောက်ဖြစ်သည်။

၁၉၈၉ ခုနှစ်က ဝန်ကြီးချုပ် နိုဘိုရူတာကေရှီတာသည်လည်း သမ္မတဂျော့ ဒဗလျူဘုရှ်နှင့် လာရောက်တွေ့ဆုံခဲ့သည်။

“ယနေ့အချိန်မှာ တရုတ်က စီးပွားရေး နယ်ပယ်မှာသာမကဘဲ အခြားနယ်ပယ်တွေမှာလည်း ခြိမ်းခြောက်နေပါပြီ။ ဆိုဗီယက် ပြည်ထောင်စုနောက်ပိုင်း ပထမဆုံး ပြိုင်ဖက် ဖြစ်လာပါတယ်။သူ့ရဲ့ ခြိမ်းခြောက်မှုက ကမ္ဘာ့ နေရာတိုင်းကို ရောက်နေပါပြီ” ဟု ဆူဆူအီက ရေးသားထားသည်။

“ဘိုင်ဒင်သည် တရုတ်နှင့် ပတ်သက်၍ သဘောထားတင်းမာနေသလို ဂျပန်နိုင်ငံခြားရေးရာ မူဝါဒချမှတ်သူတွေ လိုချင်တဲ့အရာကိုလည်း အကောင်းဆုံး အဖြေ ပြန်ပေးပြီးပါပြီ။ အပြန်အလှန်အနေနဲ့ ဂျပန်က အတူတကွ ပြန်လည်ရပ်တည်ပေးဖို့ အမေရိကန်အစိုးရက လိုလားပါတယ်။ နောက်ဆုံးအချိန်ထိ ဆွေးနွေးပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ ဂျပန်အနေနဲ့ ထိုင်ဝမ်ကို အသိအမှတ်ပြုဖို့ ၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် သဘောတူလိုက်ပါတယ်။ ဒါပေမယ့် ဂျပန်က ‘ရေလက်ကြားပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာရေး’ အားပေးကြောင်း စကားလုံးအသုံးအနှုန်းကို ပိုမိုလိုလားပါတယ်”ဟု လည်း ဆောင်းပါးတွင် ရေးသားထားသည်။

“စီးပွားရေးသစ်တွင် ဦးဆောင်နေရာမှ ဆက်လက်ပါဝင်နိုင်ရန် အမေရိကန်-ဂျပန်အကြား ယှဉ်ပြိုင်မှုနှင့် ခံနိုင်ရည်ရှိမှု (CoRe) မိတ်ဖက်ဆက်ဆံရေးကို ပူးတွဲကြေညာချက်ထုတ်ခဲ့သည်။

ပဥ္စမမျိုးဆက် 5G နှင့် 6G ကွန်ရက်များအတွက် အစိုးရနှစ်ရပ်အကြား ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကို ကနဦး ထည့်ဝင် ဆောင်ရွက်ရန်လည်း သဘောတူညီခဲ့ကြသည်။ အနာဂတ်တွင် အဓိကကျသည့် ဒီဂျစ်တယ် အခြေခံ အဆောက်အဦ ကဏ္ဍ၌ တရုတ်၏ လွှမ်းမိုးမှုကို ကာကွယ်နိုင်ရန် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်။

ရှင်ကျန်းနှင့် ဟောင်ကောင်ဒေသတို့တွင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များကိုလည်း အဆိုပါ ဆောင်းပါးတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required