ဩစတြေးလျက ပိုးလမ်းမရပ်ဝန်းသစ် စီမံကိန်းမှ နုတ်ထွက်ပြီး ဆက်ဆံရေး ပိုမိုဆိုးရွားအောင် မလုပ်သင့်ဟု တရုတ်ပြောကြား

By Zee 5
25 April 2021
ဩစတြေးလျက ပိုးလမ်းမရပ်ဝန်းသစ် စီမံကိန်းမှ နုတ်ထွက်ပြီး ဆက်ဆံရေး ပိုမိုဆိုးရွားအောင် မလုပ်သင့်ဟု တရုတ်ပြောကြား

ပေကျင်း

နှစ်နိုင်ငံအကြား သဘောတူညီထားသည့် ပိုးလမ်းမရပ်ဝန်းသစ် စီမံကိန်း (BRI) ကို ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်မှ နုတ်ထွက်ခြင်းဖြင့် လက်ရှိပြဿနာရှိနေသော ဆက်ဆံရေးကို ပိုမိုဆိုးရွားအောင် မလုပ်သင့်ကြောင်း တရုတ်အစိုးရက ဩစတြေးလျအစိုးရကို ဧပြီ ၂၂ ရက်တွင် သတိပေးပြောကြားလိုက်သည်။

“ဗစ်တိုးရီးယားပြည်နယ်အစိုးရနဲ့ တရုတ်တို့အကြား ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီထားပြီးသား ဖြစ်တဲ့ BRI အစီအစဉ်ကနေ ခိုင်မာတဲ့ အကြောင်းရင်း မရှိဘဲ ဖျက်သိမ်းဖို့ ဩစတြေးလျဖက်ဒရယ်အစိုးရက ပယ်ဖျက်လိုက်ပါတယ်။ နှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေးနှင့် အပြန်အလှန် ယုံကြည်မှုကိုထိခိုက် ပျက်စီးစေနိုင်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိ ဝမ်ဘင်ဘင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ တရုတ်အနေဖြင့် ထပ်မံတုံ့ပြန်မှုများ လုပ်ဆောင်သွားရန် အခွင့်အရေးရှိကြောင်းလည်း ဝမ်ဘင်က ပြောကြားသည်။

“စစ်ရေးတိုက်ပွဲ စိတ်ဓာတ်၊ အယူဝါဒစွဲတွေကိုဘေးဖယ်ထားဖို့ ဩစတြေးလျကို တိုက်တွန်းပါတယ်။ ရည်ရွယ်ချက်တစ်ခု၊ လက်တွေ့အကျိုးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ မှားယွင်းမှုတွေကို ပြင်ဆင်ပြီး လမ်းကြောင်းကို ပြောင်းလဲရပါမယ်။ လွဲနေတဲ့ လမ်းကြောင်းကို ဆက်မလျှောက်ပါနဲ့။ လက်ရှိ ဆက်ဆံရေးပြဿနာကို ပိုမိုဆိုးရွားအောင် မလုပ်ပါနဲ့” ဟု ၎င်းက ပြောသည်။

တရုတ်နှင့် BRI စီမံကိန်းသည် နိုင်ငံအကျိုးစီးပွားနှင့် ဆန့်ကျင်သောကြောင့် ဖျက်သိမ်းကြောင်း ဩစတြေးလျ အစိုးရက ကြေညာပြီး နောက်တစ်နေ့တွင် ယခုကဲ့သို့ တုံ့ပြန်ပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဓနသဟာရနိုင်ငံဖြစ်သည့် ဩစတြေးလျအနေဖြင့် ပြည်နယ်နှင့် နယ်မြေ အစိုးရ၊ ဒေသဆိုင်ရာ ကောင်စီများ၊ နိုင်ငံပိုင် တက္ကသိုလ်များနှင့် အခြားနိုင်ငံများအကြား ရေးထိုးထားသည့်သဘောတူချက်များအား ဖျက်သိမ်းခွင့်ရှိသည့် အခွင့်အာဏာသစ်ကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

စကော့ မော်ရစ်ဆန် အစိုးရက ဗစ်တိုးရီးယားပြည်နယ်အစိုးရနှင့် တရုတ်အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ရေး ကော်မရှင်တို့အကြား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၈ ရက်က ရေးထိုးခဲ့သည့် စာချုပ်ကို ဧပြီ ၁၁ ရက်က ပယ်ဖျက်ခဲ့သလို ၂၀၁၉ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်ကရေးထိုးခဲ့သည့် သဘောတူညီချက်ကိုလည်း ဖျက်သိမ်းခဲ့သည်။

၂၀၁၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် သမ္မတရှီကျင့်ဖျင်၏ BRI စီမံကိန်းသည် တရုတ်နိုင်ငံအတွက် လမ်းကြောင်းသစ်များအဖြစ် ကုန်းလမ်းနှင့် ရေလမ်းကုန်သွယ်ရေး ကွန်ရက်များမှတစ်ဆင့် အာရှ၊ အာဖရိကနှင့် ဥရောပ တိုက်များသို့ ဆက်သွယ်မည် ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ မူလဇစ်မြစ်ကို ရှာဖွေမည့် လွတ်လပ်သော နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရန် ဩစတြေးလျ အစိုးရက ယမန်နှစ် ဧပြီလက အဆိုပြုခဲ့ပြီးနောက်ပိုင်း တရုတ်နှင့် ဩစတြေးလျ ဆက်ဆံရေးထိခိုက် ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required