တချို့နိုင်ငံတွေမှာ . . . .

By ဇေယျာအုန်း
25 April 2021
တချို့နိုင်ငံတွေမှာ . . . .

ဧပြီ ၂၅

ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်မှာ လမ်းဘေးရေဆင်းတဲ့စကာမှာ တစ်နေတဲ့ ရက်ကွန်းဆိုတဲ့ ကြောင်အရွယ်လောက်ရှိတဲ့ အမှိုက်တွေကို စားပြီးရှင်သန်တဲ့အကောင်တကောင်ကို ရဲတွေက မရရအောင် ဆွဲထုတ် ပြီး နာရီနဲ့ချီပြီး ကယ်တာ ကြည့်လိုက်ရတယ်။ ရဲတွေအပြင်၊ စည်ပင်ဝန်ထမ်းတွေရော မိုးထဲရေထဲမှာ စက်ပ စ္စည်းကိရိယာတွေသုံးပြီး ကယ်ကြတာကို တွေ့လိုက်ရတယ်။ ဒီမှာ ရက်ကွန်းဆိုတဲ့အကောင်က မြန်မာပြည် မှာ ကြွက်သာသာအကောင်မျိုး။ အပင်တွေကြား၊ ခြုံတွေကြားနေ၊ အမှိုက်သရိုက်တွေကို စားတတ်တဲ့ လမ်းဘေးနေတိရိစ္ဆာန်တကောင် အသက်အ န္တရယ်မဖြစ်အောင် နည်းမျိုးစုံနဲ့ ကယ်ဆယ်ကြတာကို တွေ့လိုက်ရတာ အတော်ကြည်နူးမိတယ်။ ချီးကျူးမိတယ်။ အော်။ တချို့နိုင်ငံတွေက တိရိစ္ဆာန်တွေက တချို့နိုင်ငံတွေက လူတွေထက်ပိုပြီး တန်ဖိုးအထားခံရပါလားလို့လဲ တွေးမိတယ်။ 

အမျိုးသမီးငယ်တဦးက အမေရိကန်နိုင်ငံ၊ မက်ဆာချုးဆက်ပြည်နယ်က တောမြို့လေးတမြို့ရဲ့ ရဲစခန်းကို ငိုကြီးချက်မဝင်လာတယ်။ လက်မှာ သူ့ခွေးလေးကို ပိုက်ထားတယ်။ သူ့ခွေးက အသက်မရှုတော့ဘူးဆိုပြီး တငိုငိုတယိုယိုနဲ့ ရဲတွေကို အကူအညီလာတောင်းတာ။ ရဲတွေက သူ့ခွေးလေးကို ၀ိုင်းပြီး ရှေးဦးသူနာပြုစု နည်းမျိုးစုံနဲ့ အသက်ပြန်ရှုနိုင်အောင် လုပ်ကြတယ်။ ခွေးလေးက တခုခုကို မျိုချလိုက်ပြီး အသက်ရှုရပ်သွား တာတဲ့။ အချိန်အတော်ကြာအောင် ဟိုလုပ်၊ဒီလုပ်နဲ့ ခွေးလေးက အသက်ပြန်ရှုနိုင်လာတယ်။ ကနဦးမှာ အ သက်ရှုရခက်မှာစိုးလို့ အောက်စီဂျင်တောင် ပေးလိုက်သေးတယ်။ လက်နက်တွေကိုင်ထားတဲ့ ရဲသားကြီး တွေက ခွေးတကောင်ရဲ့ အသက်ကို ၀ိုင်းကယ်နေကြတာတွေ့ရ‌တော့ အတော် ကြည်နူးမိတယ်။ ချီးကျုးမိ တယ်။ အချို့နိုင်ငံတွေမှာ လက်နက်ကိုင်ရဲတွေက ခွေးတကောင်ကို မရရအောင် ကယ်နေကြတယ်။ အချို့ နိုင်ငံတွေ မှာတော့ လက်နက်ကိုင်လုံခြုံရေးဝန်ထမ်းတွေက လူတွေကို ခပ်လွယ်လွယ် ပစ်သတ်နေကြတယ်။ 

တိရိစ္ဆာန်တကောင်ရဲ့ အသက်ကိုတောင် တန်ဖိုးထားကယ်တင်နေတဲ့နိုင်ငံတွေကို လူတွေအသက်ကို မညှာ မတာအကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့နိုင်ငံတွေက ဘာသာတရားမရှိတဲ့ ဖောက်ပြန်တဲ့ လူ့ဘောင်ရှိတဲ့ ရုပ်ဝါဒီနိုင်ငံတွေလို့ အမည်တတ်လေ့တတ်ထရှိကြတာကို သတိထားမိတယ်။ 

မတူညီကွဲပြားမှုများက ဘာကြောင့်ပါလဲ။ 

နယ်သာလန်ဝန်ကြီးချုပ် မတ်ခ်ရထာက ပါလီမန်အဆောက်အဦးထဲ ဝင်လာတဲ့အခါ တံခါးဘောင်နဲ့ တိုက်မိ ပြီး ကော်ဖီမှောက်သွားတယ်။ မှောက်သွားတဲ့ကော်ဖီကို နှမြောတယ်လို့ ပြောပြီး သူ့စာရွက်စာတမ်းတွေကို တနေရာထားပြီး သန့်ရှင်းရေးသမားတွေဆီက ကြမ်းသုတ်တဲ့တံမြက်စည်းနဲ့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ် တော့တာပဲ။ သန့်ရှင်းရေးသမားတွေကလဲ နိုင်ငံရဲ့ ဝန်ကြီးချုပ်က ကြမ်းသုတ်နေတော့ ခြေမကိုင်မိ၊ လက်မ ကိုင်မိတွေ ဖြစ်ကုန်တယ်။ ပြီးတော့ ချီးကျိုးလေးစားတဲ့အနေနဲ့ လက်ခုပ်လက်ဝါးတီးပေးကြတယ်။ ဝန်ကြီး ချုပ်က ဘောင်တွေကိုပါ တစ်သျှူးနဲ့ လိုက်သုတ်လိုက်သေးတယ်။ နယ်သာလန်ဆိုတာ အင်မတန်ကို ချမ်း သာကြွယ်၀တဲ့ ဥရောပနိုင်ငံတနိုင်ငံပါ။ အဲလိုနိုင်ငံက အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ဝန်ကြီးချုပ်တယောက်က သူ့ကြောင့် ကော်ဖီတွေ ကြမ်းပေါ်ဖိတ်ကုန်လို့ ကိုယ်တိုင်ကြမ်းသုတ်ပြီး သန့်ရှင်းရေးလုပ်ပေးသွားတဲ့ အပြု အမူကို ချီးကျူးလေးစားမိတယ်။ တချို့တိုင်းပြည်တွေမှာ အဲလို လူပီသတဲ့ ခေါင်းဆောင်တွေ ရှိပြီး တချို့ တိုင်းပြည်တွေမှာတော့ ငါ့အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ ဘယ်သူတေတေ၊ ငတေမာရင်ပြီးရောဆိုတဲ့ လူစိတ်မရှိတဲ့ ခေါင်းဆောင်တွေ ရှိနေတယ်။ 
ဟိုတနေ့က သတင်းကြည့်ရင်းတွေ့လိုက်မိတယ်။ ဗြိတိန်ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ဘီယာဆိုင်တဆိုင် ထဲ ဝင်သွားတဲ့ အတိုက်အခံလေဘာပါတီခေါင်းဆောင် ဆာခီးရားစထရမ်မာကို ဆိုင်ပိုင်ရှင်က မောင်းထုတ် တယ်။ ကိုဗစ်ကာလမှာ ဆာခီးရားရဲ့ ပေါ်လစီတွေကို ဒေါပွပြီး သူ့ဆိုင်ထဲဝင်ပြီး မဲမဆွယ်ပါနဲ့လို့ ဒေါကြီး မောကြီး မောင်းထုတ်တာ။ ဆာခီးရားက ယဉ်ယဉ်ကျေးကျေးပဲ ထွက်သွားပေးတယ်။ ဗြိတိန်မှာ လေဘာ ပါတီဆိုတာ အင်မတန်ကြီးမားတဲ့ နိုင်ငံရေးပါတီကြီး။ ဆာခီးရားကလဲ ဘုရင်မကြီးကနေ သူကောင်းပြုပြီး ဆာဘွဲ့ချီးမြှင့်ခံထားရတဲ့ လက်ရှိလွှတ်တော်အမတ်။ မောင်းထုတ်တာကို ပြန်ရန်မဖြစ်ဘဲ ယဉ်ယဉ်ကျေး ကျေးထွက်သွားပေးတယ်။ ဆိုင်ရှင်က သူ့ရဲ့ အယူအဆကို သူတင်ပြပြောဆိုခွင့်ရှိတယ်တဲ့။ ဆိုင်ရှင်ရဲ့ ပိုင် နက်ဖြစ်တဲ့ ဆိုင်အတွင်းပရ၀ုဏ်ကိုလဲ လေးစားပေးပြီး ထွက်သွားပေးတာကို ချီးကျုးလေးစားမိတယ်။ တချို့နိုင်ငံတွေက အတိုက်အခံတွေက အဲလိုမျိုး လူကြီးလူကောင်းဆန်ပေမယ့် တချို့နိုင်ငံတွေက အတိုက် အခံတွေကတော့ အာဏာလိုချင်ဇောနဲ့ မရရအောင် အာဏာသိမ်းပြီး ဆိုင်တွေကို ရိုက်ချိုးဖျက်စီး ဝင်လုတာ မျိုးရှိနေတာကို သတိထားမိတယ်။ 

လူမပြောနဲ့၊ တိရိစ္ဆာန်ကိုတောင် သနားညှာတာတတ်တဲ့ အနေအထားကို ရောက်ချင်ရင် လူပီသတဲ့၊ လူကြီး လူကောင်းဆန်တဲ့ အစိုးရအဖွဲ့တွေ၊ နိုင်ငံရေးသမားတွေ ရှိဖို့လိုတယ်။ 

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်၊ မီနီယားပို့လိစ်မြို့မှာ လူမည်းတယောက်ကို လိုက်ဖမ်းရင်း နဲ့ လည်ပင်းကို ဒူးနဲ့ထောက်ထားလို့ အဖမ်းခံထားရတဲ့လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် အသက်သေဆုံး သွားတယ်။ ဒူးနဲ့ထောက်ထားခဲ့တဲ့ လူဖြူပုလိပ်ကို တရားရုံးမှာ ရုံးထုတ်ပြီး ဂျုရီလူကြီးများက အပြစ်ရှိတယ် လို့ ဆုံးဖြတ်ပြီး တရားရုံးက ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်တယ်။ ကျန်ရစ်သူမိသားစုအတွက် ဖြေသိမ့်စရာတခု ရလိုက်တယ်။ တချို့နိုင်ငံတွေမှာ လူနည်းစုထဲက လူမဲတယောက်ကို ဖမ်းရင်းနဲ့ လက်လွန် သတ်ဖြတ်မိတဲ့ လူများစုထဲက လူဖြူရဲတယောက်ကို ဥပဒေအရ အောင်အောင်မြင်မြင် အပြစ်ပေးလိုက်နိုင် ပေမယ့် တချို့နိုင်ငံတွေမှာကျတော့ ဖမ်းတောင် မဖမ်းဘဲနဲ့ တုတ်မပါ၊ ဓါးမပါတဲ့ ကျောပေးထားတဲ့ ဆန္ဒပြသူ တွေကို သေနတ်နဲ့ မညှာမတာပစ်ခတ်သတ်ဖြတ်တဲ့ ရဲတွေ၊ စစ်သားတွေက ဥပဒေအရ အပြစ်ပေးခံရဖို့ နေ နေသာသာ၊ ဗိုက်ဆာရင်တောင် စားသောက်ဆိုင်တွေကို ဗိုလ်ကျလုစားနေကြတာကို တွေ့ရတော့ စိတ်မကောင်း ဖြစ်မိတယ်။ 

လူကြီးလူကောင်းဆန်တဲ့၊ လူပီသတဲ့ အစိုးရတွေ၊ နိုင်ငံရေးသမားတွေက သူ့အလိုလို ပေါက်ဖွားလာတာ မဟုတ်ဘူး။ ဥပဒေအထက်မှာ ဘယ်သူမှမှရှိရဆိုတဲ့၊ ဥပဒေရှေ့မှာ လူတိုင်းလူတိုင်း သာတူညီမျှ အခွင့်အ ရေးရှိတဲ့ စနစ်တွေကြောင့် ပေါက်ဖွားလာတာပါ။ လူအချို့က လက်နက်တကားကားနဲ့ ဥပဒေအထက်မှာ မိန့်မိန့်ကြီး ထိုင်နေပြီး ပြည်သူအများစုက ဥပဒေအောက်မှာ ကျောကော့အောင် အနိုင်ကျင့်ခံနေရရင်တော့ သူငယ်ချင်းတယောက်ပြောသလိုပဲ နောင်ဘ၀ကျ ဒီနိုင်ငံမှာ ပြန်မမွေးပါရစေနဲ့တော့ဆိုတဲ့ ဆုတောင်းကို စိတ်မကောင်းစွာနဲ့ ဆုတောင်းရတော့မယ်။ 

(စာရေးသူသည် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှ လူမှုဖူလုံရေးဝန်ထမ်းတဦးဖြစ်သည်။ University of California တွင် သတင်းစာပညာကို လေ့လာခဲ့ပြီး University of San Francisco မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဘာသာရေး၊ လူမျိုးရေး နှင့် နိုင်ငံရေး သုံးပွင့်ဆိုင်ဆက်နွယ်မှုကို အထူးစိတ်ဝင်စားပြီး အာရှတိုက်နှင့် အနောက်နိုင်ငံများ၏ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ဦးစားပေးမူဝါဒများ affirmative actions ကို စောင့်ကြည့်လေ့လာသူတဦးလည်း ဖြစ်သည်။ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly