ကျမ်းသစ္စာကျိန်ဆိုရန် ငြင်းခဲ့သည့် ဟောင်ကောင်အစိုးရဝန်ထမ်း ၁၂၉ ဉီး အလုပ်ဖြုတ်ခံရ

By The Geneva Daily
24 April 2021
ကျမ်းသစ္စာကျိန်ဆိုရန် ငြင်းခဲ့သည့် ဟောင်ကောင်အစိုးရဝန်ထမ်း ၁၂၉ ဉီး အလုပ်ဖြုတ်ခံရ

ဟောင်ကောင်အစိုးရကို သစ္စာစောင့်သိမှုအတွက် ကျမ်းသစ္စာကျိန်ဆိုရန် ငြင်းဆန်ခဲ့သော အစိုးရဝန်ထမ်းများကို အလုပ်မှ ဖြုတ်ကာ အလုပ်ခန့်ထားသည့် စာချုပ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

နိုင်ငံဝန်ထမ်း ၁၇၀၀၀၀ ဦးအနက် ၁၂၉ ဦးက သစ္စာခံရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မပြုခဲ့ဘဲ ယင်းစာချုပ်သည် လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း စာချုပ်ပေါ်တွင် ရေးသားခဲ့သည်ဟု ဝန်ထမ်းရေးရာ အတွင်းရေးမှူး ပက်ထရစ် နစ်က ဥပဒေပြုအမတ်များကို ပြောကြားသည်။

ဝန်ထမ်းများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအပေါ် သစ္စာစောင့်သိမည်ဖြစ်ကြောင်းနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ အစိုးရကို တာဝန်ခံရန် ဝန်ခံကတိတွင် ရေးသားထားသည်။

အလုပ်မှ နုတ်ထွက်သူ အစိုးရဝန်ထမ်း ၂၅ ဦးနှင့် ကျန်ဝန်ထမ်းများသည် တာဝန်မှ ရပ်နားသူ သို့မဟုတ် လစာမဲ့ခွင့်ယူသူများ ဖြစ်ကြောင်း နစ်၏ အစိုးရဝန်ထမ်းဌာနက ထုတ်ပြန်သည်။

“ဟောင်ကောင်ဒေသမှာ အမြဲတမ်းနေထိုင်သူ သို့မဟုတ် ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသ၏ ဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့် ဟောင်ကောင်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့အပေါ် သစ္စာစောင့်သိဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

“လုပ်ငန်းစဉ်တွေကို အမြန်ဆုံး ဆောင်ရွက်သွားပါမယ်။ လအနည်းငယ်အတွင်း အပြီးသတ်ပါမယ်” ဟု နစ်က ဥပဒေပြုကောင်စီ LegCo သို့ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ စတင်၍ ဟောင်ကောင်ဒေသအတွက် ပြင်းထန်သည့် နိုင်ငံတော် လုံခြုံရေးဥပဒေကို ပြဌာန်းပြီးနောက် ငြိမ်းချမ်းစွာ ဆန့်ကျင်သူများ၊ နိုင်ငံရေး အတိုက်အခံများအား နှိမ်နှင်းမှုများ လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ အစိုးရကို သစ္စာခံရန် သတ်မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required