အကြမ်းဖက်မှု ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်များ တိုက်တွန်း

အကြမ်းဖက်မှု ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်များ တိုက်တွန်း
Photo: EPA

ဧပြီ ၂၄

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာအကျပ်အတည်းအရေး ဆွေးနွေးရန် ဧပြီ ၂၄ ရက်တွင် ဂျကာတာ၌ အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြသူများအပေါ် သွေးထွက်သံယို ဖြိုခွင်းနှိမ်နင်းမှုကို ချက်ချင်း ရပ်ဆိုင်းရန်နှင့် ထိန်းသိမ်းခံ အရပ်သားခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံ ၁၀ နိုင်ငံအုပ်စုမှ ခေါင်းဆောင် ခြောက်ဦး တို့ တက်ရောက်သော အထူးအစည်းအဝေးသည် နှစ်နာရီကြာပြီးနောက် ပြီးဆုံးခဲ့သည်။ ထိုင်း၊ လာအိုနှင့် ဖိလစ်ပိုင် တို့သည် ယင်းတို့၏ နိုင်ငံခြားရေး၀န်ကြီးများကို ကိုယ်စားပြု တက်ရောက်စေခဲ့သည်။ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့၏ သက်ဆိုင်ရာအစိုးရအကြီးအကဲများ ထို အစည်းအဝေးသို့ ဦးဆောင်တက်ရောက်ခဲ့သည်။

အာဆီယံ၏ လက်ရှိဥက္ကဋ္ဌ ဘရူနိုင်းသည် ‌ဆွေးနွေးပွဲမှ အဓိက အချက်များကို ဖော်ပြထားမည့် ထုတ်ပြန်ချက်တစ်စောင်ကို ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ဖွယ် ရှိသည်။

အစည်းအဝေးအတွင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီ ဒိုဒိုက အကျပ်အတည်းကြုံနေရသည့် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနှင့် ပတ်သက်ချိတ်ဆက်ဆောင်ရွက်ရန်အတွက် မြန်မာဆိုင်ရာ အာဆီယံ အထူးသံတမန်တစ်ဦး ခန့်အပ်ရေး တောင်းဆိုခဲ့သည်။ ထို့ပြင် မြန်မာအတွက် အကူအညီပေးရေး လမ်းကြောင်းများ ဖွင့်လှစ်ရန်နှင့် နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လွှတ်ပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ လက်သင့်ခံနိုင်စရာ မရှိပါဘူး၊ ဒီအခြေအနေကို ဆက်ဖြစ်ခွင့်ပြုလို့ မရနိုင်ပါဘူး” ဟု ၎င်းက အစည်းအဝေးအပြီး သတင်းထောက်များကို ပြောခဲ့သည်။ “အကြမ်းဖက်မှုကို ရပ်ဆိုင်းရပါလိမ့်မယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို အမြန်ဆုံး ပြန်လည်ရရှိအောင် လုပ်ရပါလိမ့်မယ်၊ မြန်မာပြည်သူတွေရဲ့ အကျိုးဟာ အမြဲတစေ ဦးစားပေးကိစ္စတစ်ခု ဖြစ်ရပါလိမ့်မယ်” ဟု အင်ဒိုသမ္မတက ပြောခဲ့သည်။

အလားတူ မလေးရှား၀န်ကြီးချုပ် မူယစ်ဒင် ယက်ဆင်ကလည်း မြန်မာနိုင်ငံရှိ “မနှစ်မြို့ဖွယ် အခြေအနေ” ကို ချက်ချင်း ရပ်တန့်ရန် လိုအပ်သည်ဟု ပြောခဲ့ကြောင်း သိရသည်။

“သက်ဆိုင်ပတ်သက်သူအားလုံးအနေနဲ့ အကြမ်းဖက်မှုနဲ့ မငြိမ်မသက်မှုကို ဆက်ရှိစေမယ့် ရန်စမှုတွေ၊ လုပ်ဆောင်ချက်တွေ မဖြစ်အောင် ချက်ချင်း ထိန်းသိမ်းသည်းခံကြရပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ထိန်းသိမ်းခံထားရသည့် အရပ်သားခေါင်းဆောင်များကို ခြွင်းချက်မရှိ၊ အမြန်ဆုံး ပြန်လွှတ်ပေးရေးကိုလည်း ၎င်းက တိုက်တွန်းခဲ့သည်။

တရုတ် နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီ၊ ကုလ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးဒ် အပါအ၀င် ကမ္ဘာတ၀န်းမှ အကြီးတန်း သံတမန်များကလည်း ၎င်းတို့အနေဖြင့် မြန်မာ့အကျပ်အတည်းကို ပြေလည်စေရေး ထိန်းသိမ်းမည့် အာဆီယံ ဦး‌ဆောင်သော အားထုတ်မှုကနေတဆင့် ရလဒ်များ ထွက်ရှိရန် မျှော်လင့်ကြောင်း ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required