အရပ်သားများကို သတ်ဖြတ်၊ အကြမ်းဖက်မှု ရပ်တန့်ရန် မလေးရှား၀န်ကြီးချုပ်က မြန်မာကို ပြော

အရပ်သားများကို သတ်ဖြတ်၊ အကြမ်းဖက်မှု ရပ်တန့်ရန် မလေးရှား၀န်ကြီးချုပ်က မြန်မာကို ပြော

ဧပြီ ၂၄

မြန်မာအနေဖြင့် မြေပြင်တွင် ဖြစ်နေသည့် အခြေအနေ၏ ပြင်းထန်မှု လျော့စဲစေရေး လုပ်ဆောင်ရန် လိုသလို အရပ်သားများကို သတ်ဖြတ်၊ အကြမ်းဖက်ခြင်းများ ရပ်ဆိုင်းရန်လိုသည်ဆိုပြီး မြန်မာ့အကျပ်အတည်းအရေးနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောဆိုရာတွင် မလေးရှား၀န်ကြီးချုပ် တန်ဆရီ မူယစ်ဒင် ယက်ဆင်က ပြောခဲ့သည်။

ယင်းသည် ဧပြီ ၂၄ ရက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတွင် ပြုလုပ်သည့် အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးတွင် မလေးရှားက မြန်မာထံ အဆိုပြုသည့် အဆိုပြုချက် သုံးခုအနက် တစ်ခု ဖြစ်သည်။

“ဒုတိယတစ်ခုကတော့ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသူတွေကို မဆိုင်းမတွ၊ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဖြစ်ပါတယ်” ဟု မလေးရှား၀န်ကြီးချုပ်က အာဆီယံခေါင်းဆောင်များနှင့် မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သော အစည်းအ‌ဝေးတွင် ပြောခဲ့သည်။

တတိယတစ်ခုအနေဖြင့် မြန်မာအနေဖြင့် သက်ဆိုင်ရာ ပတ်သက်ပါ၀င်သူအားလုံးအပါအ၀င် အာဆီယံဥက္ကဋ္ဌနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ကို မြန်မာနိုင်ငံသို့ ၀င်ကြည့်ရန် အခွင့်အလမ်း ခွင့်ပြုရန် လိုအပ်သည်ဟု ၎င်းက ပြောခဲ့သည်။

“မြန်မာအနေနဲ့ မလေးရှားရဲ့ အဆိုပြုချက်တွေကို အသေအချာ စဥ်းစားလိမ့်မယ်လို့ မလေးရှားဘက်က မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။

“မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ အောင်မြင်မှုဟာ တပ်မတော်ရဲ့ ပူးပေါင်းလုပ်ဆောင်ချင်စိတ်အပေါ်မှာ အဓိက မူတည်နေတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်” ဟု မူယစ်ဒင်က ပြောသည်။

မြန်မာနိုင်ငံကို လက်ရှိ နိုင်ငံရေးအကျပ်အတည်းကနေ ကျော်လွှားနိုင်ရေး ကူညီရန်အတွက် မလေးရှားအနေဖြင့် အာဆီယံအဖွဲ့၀င်နိုင်ငံအားလုံးနှင့်အတူ အားထုတ်ရန်နှင့် သက်ဆိုင်သူအားလုံးနှင့် အပြုသဘောဆောင် ချိတ်ဆက်ဆောင်ရွက်ရန် အသင့်ရှိသည်ဟု ၎င်းက ပြောခဲ့သည်။

အခြား အာဆီယံအဖွဲ့၀င်များ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး အာဆီယံမူနှင့်ပတ်သက်၍လည်း မူယစ်ဒင်က ယင်းသည် ဒေသ၏ တည်ငြိမ်အေးချမ်းလုံခြုံမှုအပေါ် ထိခိုက်စေမည့် ကြီးလေးသော အခြေအနေတစ်ရပ်ကို အုပ်စုအ‌နေဖြင့် လျစ်လျူရှုသင့်သည်ဟု အဓိပ္ပါယ်မသက်ရောက်ကြောင်း ပြောခဲ့သည်။

“၀င်ရောက်မစွက်ဖက်ရေး မူက ကျွန်တော်တို့အတွက်ကတော့ နောက်မှာ ဖုံးကွယ်ထားရမည့် အရာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ဘာမှ မလုပ်ဘဲနေမှုအတွက် ဒါက ဆင်ခြေအကြောင်းပြချက်တစ်ခု မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာ့အရေးကို အာဆီယံက မည်သို့မည်ပုံ ကိုင်တွယ်နေသလဲ ဆိုသည်နှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အစိတ်အပိုင်းအပေါ်တွင်လည်း အလွန်တရာ မျှော်မှန်းမှုတစ်ခု ရှိနေကြောင်း မလေးရှား၀န်ကြီးချုပ်က ပြောသည်။

“အာဆီယံနယ်ပယ်မှာ အပြုသဘောဆောင် ပတ်သက်မှုက ယုံကြည်မှု၊ နားလည်မှုနဲ့ ချစ်ကြည်မှုအပေါ် အခြေပြုပါတယ်” ဟု ၎င်းက ပြောသည်။

မူယစ်ဒင်သည် မြန်မာပြည်သူများအတွက် အထူးမက်ဆေ့ချ်တစ်ခုလည်း ပေးခဲ့သည်။

“မြန်မာပြည်သူတွေဟာ အာဆီယံ ပြည်သူတွေပဲ ဖြစ်ပါတယ်၊ မြန်မာရဲ့ အောင်မြင်မှုဟာ အာဆီယံရဲ့ အောင်မြင်မှုဖြစ်တယ်၊ ပိုအရေးကြီးတာက မြန်မာရဲ့ အနာဂတ်ဟာ အာဆီယံရဲ့ အနာဂတ်ကို ပုံဖော်ပါလိမ့်မယ်၊ မြန်မာဟာ အာဆီယံအတွက် အင်မတန် အရေးကြီးတယ်ဆိုတာက ငြင်းချက်ထုတ်စရာ မရှိပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required