ဝီဂါများနှင့် တူရကီမွတ်စလင်များကို တရုတ်က လူမဆန်သည့် ပြစ်မှုများကျူးလွန်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ပြောကြား

By JustEarthNews
24 April 2021
ဝီဂါများနှင့် တူရကီမွတ်စလင်များကို တရုတ်က လူမဆန်သည့် ပြစ်မှုများကျူးလွန်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ပြောကြား

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်ကျန်းပြည်နယ်ရှိ ဝီဂါများနှင့် အခြားတူရကီမွတ်စလင်များကို တရုတ်အစိုးရက လူမဆန်သည့် ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဧပြီလ ၂၁ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အခြားကျူးလွန်မှုများအပါအဝင် အစုလိုက်လိုက်ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖိစီးနှိပ်စက်ခြင်းများပြုလုပ်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျချမှတ်သောမူဝါဒများအတွက် တရုတ် ခေါင်းဆောင်ပိုင်းက တာဝန်ရှိနေသည်။

တာဝန်ရှိသူများအား ပိတ်ဆို့အရေးယူခြင်း၊ ပိုမို တာဝန်ခံခြင်းနှင့် ဦးတည်ချက်ပြောင်းရန်အတွက် တရုတ်အစိုးရအား ဖိအားပေးမှုများလုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုအား လိုအပ်နေသည်။

“ မျိုးရိုးကို ဖြတ်၍ အမြစ်ကို ဖြုတ်သည်’ – တရုတ်က ဝီဂါနှင့် အခြားတူရကီမွတ်စလင်များကို ပစ်မှတ်ထားသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများ” ဟု အမည်ပေးထားသော စာမျက်နှာ ၅၃ မျက်နှာရှိသည့် စတန်းဖို့ဒ် ဥပဒေကျောင်းမှ လူ့အခွင့်အရေးနှင့်ပဋိပက္ခဖြေရှင်းရေးဌာန၏ အကူအညီဖြင့် ရေးသားထားသော အစီရင်ခံစာတွင် တရုတ်နိုင်ငံမှ အစိုးရ၏ စာရွက်စာတမ်းများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ မီဒီယာများနှင့် ပညာရှင်များထံမှ အသစ်ရရှိသောသတင်းအချက်အလက်များကို အခြေခံကာ ရှန်ကျန်းဒေသတွင် အစိုးရ၏ လုပ်ဆောင်မှုများကို နိုင်ငံတကာဥပဒေမူဘောင်အတွင်းမှ အကဲဖြတ်ထားသည်။

လူများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျတိုက်ခိုက်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျူးလွန်သောရာဇ ဝ တ်မှုများအဖြစ် တူရကီမွတ်စလင်များကို ကျူးလွန်ခဲ့သော ကျယ်ပြန့်သည့် ဖိနှိပ်ညှင်းပန်းမှုများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားပြီး ယင်းတွင် အစုလိုက်အပြုံလိုက်ဖမ်းဆီးချပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အတင်းအကျပ်ကွယ်ပျောက်စေခြင်း၊ အစုလိုက်အပြုံလိုက်စောင့်ကြည့်ခြင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေးကို ပယ်ဖျက်ခြင်း၊ မိသားစုများကို ခွဲထားခြင်း၊ တရုတ်ပြည်သို့ အတင်းအဓမ္မပြန်လာစေခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုများနှင့် လိင်အကြမ်းဖက်မှုများနှင့် မျိုးဆက်ပွားအခွင့်အရေးများကိုချိုးဖောက်ခြင်းတို့ ပါဝင်သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ တရုတ်ပြည်ဆိုင်ရာ ညွှန်ကြားရေးမှုး ဆိုဖီရစ်ချတ်ဆန်က တရုတ်အာဏာပိုင်များသည် တူရကီမွတ်စလင်များအား သူတို့၏ဘဝများ၊ ဘာသာတရားနှင့်ယဉ်ကျေးမှုများကို စနစ်တကျနှိပ်စက်ညှဉ်းပန်းခဲ့သည်ဟု ဆိုသည်။

တရုတ်အစိုးရက 'အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းတွေ' နဲ့ 'အစွန်းရောက်မှုတွေကို လျော့ချရေး' အတွက် လုပ်ဆောင်နေကြောင်းပြောနေပေမယ့် ဒီအပြောတွေက လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေရဲ့ ဆိုးရွားလှသည့်အဖြစ်မှန်တွေကို မဖုံးကွယ်ထားနိုင်ပါဘူး”

လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည်။

တရုတ်အစိုးရက တူရကီမွတ်စလင်များကို ဖိနှိပ်မှုများမှာ အသစ်အဆန်း မဟုတ်သော်လည်း မကြာသေးမီနှစ်များအတွင်းကမူ မကြုံစဖူးသော အဆင့်သို့ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly