ဆော်ဒီအာရေဗျတွင် လူပေါင်း၅၀ကျော်ကို အကြမ်းဖက်မှုပြစ်ဒဏ်များဖြင့် ကွပ်မျက်သုတ်သင်တော့မည်

ဆော်ဒီအာရေဗျတွင် လူပေါင်း၅၀ကျော်ကို အကြမ်းဖက်မှုပြစ်ဒဏ်များဖြင့် ကွပ်မျက်သုတ်သင်တော့မည်

ရီယာ့ဒ်၊ နိုဝင်ဘာ-၂၇ ။                   ။ ဆော်ဒီအာရေဗျ အာဏာပိုင်များက လူဒါဇင်ပေါင်းများစွာကို တစ်ရက်တည်းတွင် ကွပ်မျက်သုတ်သင်ရန် စီစဉ်နေကြောင်း သတင်းများအပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက စိုးရိမ်မိကြောင်း ဖော်ပြခဲ့သငည်။

OKaz သတင်းစာက လူပေါင်း ၅၅ယောက်မှာ အကြမ်းဖက်ရာဇဝတ်မှုများဖြင့် အကွက်မျက်ခံရရန် စောင့်ဆိုင်းလျှက် ရှိနေကြပြီး ယခုအခါ ပယ်ဖျက်ပစ်လိုက်ပြီဖြစ်သည့် Al-Riyadh သတင်းကမူ လူ ၅၂ယောက်မှာ မကြာမီသေဆုံးတော့မည်ဖြစ်ကြောင်း ပြောကြားထားသည်။

၎င်းတို့အထဲတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများထဲတွင် ပါဝင်ခဲ့သည့် ရှီးယားမွတ်စလင်များလည်း ပါဝင်နေသည်ဟု ယူဆရသည်။  

ဆော်ဒီအာရေဗျတွင် ယခုနှစ်တစ်နှစ်တည်းတွင်ပင် သေဒဏ်ဖြင့် ကွပ်မျက်စီရင်ခံရသူမှာ အနည်းဆုံး ၁၅၁ယောက်ရှိပြီဖြစ်သောကြောင့် ၁၉၉၅ခုနှစ်နောက်ပိုင်းတွင် မှတ်တမ်းရှိဖူးသူမျှ အမြင့်မားဆုံး အရေအတွက် ဖြစ်လာခဲ့သည်ဟု ဆိုသည်။ ၂၀၁၄ခုနှစ်တွင် ကွပ်မျက်ခံရသူ အရေအတွက်မျာ အယောက် ၉၀အထိ ရှိခဲ့သည်။

လာမည့်ရက်များတွင် သုတ်သင်ကွပ်မျက်ခံရမည့်သူများထဲတွင် အယ်လ်ခိုင်ဒါ အကြမ်းဖက်သမားများနှင့် အဝါမီယာဒေသမှ လူများလည်း ပါဝင်နေသည်ဟု ဆိုသည်။

OKazသတင်းစာပါသတင်းအရ အယ်လ်ခိုင်ဒါ စစ်သွေးကြွများဟု ယူဆရသူများမှာ အစိုးရကို ဖြုတ်ချရန်ကြိုးစားမှု၊ လက်နက်ငယ်များ၊ ဗုံးများနှင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များအသုံးပြုပြီး တိုက်ခိုက်မှုများဖြင့် တရားစွဲခံရခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် အဝါမီယာ ဒေသခံများမှာမူ ပုန်ကန်ရန် လှုံ့ဆော်မှု၊ လုံခြုံရေးဝန်ထမ်းများကို တိုက်ခိုက်မှုနှင့် အိမ်နီးချင်း ဘာရိန်းတွင် ဝင်ရောက်စွက်ဖက်မှု များဖြင့် ပြစ်ဒဏ် ချမှတ်ခံရသူများပင်   ဖြစ်သည်။ အဝါမီယာမှာ ရေနံကြွယ်ဝသည့် အရှေ့ပိုင်းပြည်နယ်၊ ကာတစ်ဒေသမှ မြို့ငယ်တစ်မြို့ပင် ဖြစ်သည်။

၂၀၁၁ခုနှစ်မှ စတင်ကာ အဝါမီယာမှာ ဆွန်နီဘုရင်လက်ထက်တွင် အကျဉ်ခံထားရသည်ဟု မကျေမနပ်ပြောလာနေခဲ့ကြသော ရှီးယားမွတ်စလင်လူနည်းစု၏ ဆန္ဒပြပွဲများဖြစ်ပွားရာ ဗဟိုချက်ဖြစ်လာနေ ခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ ပြောကြားချက်အရ ကွပ်မျက်ခံရအံ့ဆဲဆဲလူများထဲတွင် မမျှမတ တရားစီရင်ခံရသည့် အဝါမီယာမှ ရှီးယားတက်ကြွလှုပ်ရှားသူ ၆ယောက် ပါဝင်နေသည်ဟု ဆိုသည်။

‘ဒါက ဆော်ဒီအာရေဗျအာဏာပိုင်တွေဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအရေခြုံပြီး နိုင်ငံရေးအမြတ်ထုတ်တယ်ဆိုတာ ရှင်းနေတာပါပဲ’’ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက လက်ထောက်ညွှန်ကြားရေးမှူး ဂျိမ်းစ်လင့်ချ်က ပြောကြားခဲ့သည်။

‘တက်ကြွလှုပ်ရှားသူ ၆ယောက်ထဲက သုံးယောက်ဟာ သူတို့ ကလေးဘဝတုန်းက ကျူးလွန်ခဲ့ပြီး နှိပ်စက်ဝန်ခံခိုင်းခံရတဲ့ ရာဇဝတ်မှုတွေအတွက် သေဒဏ်အပေးခံခဲ့ရတာပါ’’ဟု ၎င်းက ပြောကြားခဲ့သည်။

အသက်မပြည့်သေးသည့် ပြစ်မှုကျူးလွန်သူ သုံးယောက်မှာ ယခုနှစ်အစောပိုင်းက ကမ္ဘာနှင့်အဝန်းတွင် မကျေနပ်မှုများ ဖြစ်ပေါ်စေခဲ့သည့် အလီအယ်လ်နီမာ၊ အဗ္ဗဒူလာအယ်လ်ဇဟာနှင့် ဟူစိနတ်အယ်လ်မာဟွန်း တို့ပင် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly