ကက်ရှ်မီးယားဒေသ ခရီးသွားလုပ်ငန်း တိုးတက်လာပြီး အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်၏ အန္တရာယ်ကို ဒေသခံများ ကြုံတွေ့နေရ

ကက်ရှ်မီးယားဒေသ ခရီးသွားလုပ်ငန်း တိုးတက်လာပြီး အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်၏ အန္တရာယ်ကို ဒေသခံများ ကြုံတွေ့နေရ
Photo: EPA

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ကပ်ရောဂါ ကြောင့်ဖြစ်ပွားသည့် အခက်အခဲများအနက် ကက်ရှ်မီးယားနယ်စပ်ဒေသတွင် မကြာခဏယာဉ်ကြော ပိတ်ဆို့မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်မည်ကို ဘာဆစ်မက်ဘိုး မျှော်လင့်မထားခဲ့ပေ။

ဘာဆစ်သည် ဆရီနဂါဒေသအရှေ့ဖက်ရှိ ဇာဘာဝန်တောင်ကုန်းများ ခြေရင်း တစ်လျှောက်နေထိုင်သူဖြစ်သည်။ သာမန်အချိန်၌ပင်ယင်းဒေသသို့ လာရောက်လည်ပတ်သူ အနည်းငယ်သာရှိတတ်သည်။

ဒေသပြင်ပမှ ယာဉ်များ ဝင်ရောက်ခြင်းကို မကြာသေးမီက ကန့်သတ်လိုက်ခြင်းကြောင့် ကက်ရှ်မီးယားဒေသတွင် ခရီးသွားလာမှု အလွန်နည်းပါးသွားသည်။ တနင်္ဂနွေတစ်ညနေ၌ ဘာဆစ် အလုပ်မှ ပြန်လာသည့်အခါ သူအိမ်သို့ ပြန်သည့်လမ်းကျဉ်းလေးတစ်ခုတွင် တက္ကဆီသမားရာပေါင်းများစွာက သူ့ကို နှုတ်ဆက်နေကြသည်။

“လမ်းလျှောက်ဖို့ နေရာ တော်တော် ကျဉ်းသွားပြီ။ ကားတွေ၊ လူတွေကို နေရာတိုင်းမှာ တွေ့ရတယ်။ ခပ်ကွာကွာနေထိုင်ဖို့ လမ်းညွှန်ချက်ကို မလိုက်နာခြင်းပါပဲ”ဟု စားသောက်ဆိုင် တစ်ဆိုင်၏ မန်နေဂျာဖြစ်သူ ဘာဆစ်က ပြောသည်။

“ကပ်ရောဂါ မဖြစ်ပွားခင်က ဒေသခံအချို့က လွဲပြီး မလာကြဘူး။ ဒီနှစ် နွေဦးရာသီမှာတော့ လူတွေ အချိန်တိုင်းလာနေကြတယ်” ဟု သူက ပြောသည်။ အာရှတိုက်တွင်အကြီးဆုံးဖြစ်သည့် ရာသီပေါ် ကျုးလစ်ပန်းခင်း အနီး ဝန်းကျင်တွင် ကားများနှင့် ခရီးသွားဧည့်သည်အများအပြား ရောက်ရှိနေကြသည်။

ကမ္ဘာအနှံ့ရှိ ထင်ရှားသော ခရီးသွားဒေသအများအပြားသည် ကိုရိုနာဗိုင်းရပ်ကြောင့် ဧည့်သည်လာရောက်မှု နည်းပါးသွားသော်လည်း ကက်ရှ်မီးယားဒေသတွင် ခရီးသွားဧည့်သည် အများအပြား လာရောက်နေဆဲ ဖြစ်သည်။

ယခုနှစ်ရာသီအတွက် ယမန်လက ဖွင့်လှစ်ပေးလိုက်သော ဆရီနဂါရှိ အင်ဒီရာ ဂန္ဓီအမှတ်တရ ကျူးလစ်ဥယျာဉ်တွင် ပန်းပွင့်ပေါင်း ၁၅ သန်းရှိပြီး ဧည့်သည်အများအပြား လာရောက်လည်ပတ်ကြသည်။ ဟက်တာ ၃၀ အကျယ်အဝန်းရှိ ယင်းဉယျာဉ်သို့ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီအပါအဝင် ယခုနှစ် လာရောက်လည်ပတ်သည့် ဧည့်သည့်အရေအတွက်မှာ ယမန်နှစ်ကထက် ၁၀ ဆ ပိုမိုများပြားခဲ့သည်။

ယင်း၏ နံဘေးရှိ ဂူလ်မာ့ဂျ် စကိတ်စခန်းသို့ နိုင်ငံခြားဧည့်သည် လာရောက်မှုမှာလည်း လွန်ခဲ့သည့် နှစ်၃၀ ရာသီချိန်များကထက် အလွန်များပြားခဲ့ကြောင်း ခရီးသွားလုပ်ငန်းဌာနက ထုတ်ပြန်ထားသည်။

ကက်ရှ်မီးယားဒေသသို့ ခရီးသည်လာရောက်မှု များပြားရခြင်းမှာ အခြားနိုင်ငံများက ပြည်ပခရီးသွားဧည့်သည်များကို လာရောက်ခွင့် ပိတ်ထားချိန်တွင်ဆောင်းရာသီ၌ ထိုင်းနှင့် ဒူဘိုင်းနိုင်ငံများသို့ သွားရောက်လေ့ရှိသည့် အိန္ဒိယနိုင်ငံသားများက ပြည်တွင်းခရီးစဉ်များကို ရွေးချယ် သွားရောက်ခြင်း ဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် ကက်ရှ်မီးယားဒေသ၏ စီးပွားရေးအတွက် အသက်သွေးကြောဖြစ်ပြီး ဒေသ၏ ဂျီဒီပီတွင် ၁၀ ရာခိုင်နှုန်းနီးပါးပါဝင်ကာ လူပေါင်း ၁ သိန်းကျော်ကို တိုက်ရိုက်နှင့် သွယ်ဝိုက်သည့်နည်းလမ်းများဖြင့် အလုပ်အကိုင်များ ပေးထားသည်။ သယ်ယူပို့ဆောင်ရေး၊ လက်ယက်ကန်းနျင့်

လက်မှုအထည်ကဲ့သို့ဆက်စပ်လုပ်ငန်းများအတွက်လည်း အထောက်အပံ့ ဖြစ်စေသည်။ရေရှည် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကြောင်းလည်း ခရီးသွားလုပ်ငန်းကို ထိခိုက်စေသည်။ ကက်ရှ်မီးယားဒေသသည် အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား ကြီးမားသည့် အငြင်းပွားမှုဖြစ်ပွားစေသောအကြောင်း တစ်ရပ် ဖြစ်နေသည်။ ယင်းဒေသကို မိမိတို့ပိုင်ဆိုင်ကြောင်း နှစ်ဖက်စလုံးကို ပြောဆိုထားပြီး စစ်ပွဲများလည်း မကြာခဏ ဖြစ်ပွားခဲ့သည်။

ဒေသခံ ခွဲထွက်ရေး အဖွဲ့တစ်ဖွဲ့ကလည်း အိနိ္ဒယမှ ခွဲထွက်ပြီး ပါကစ္စတန်နှင့်ပူးပေါင်းရန် သို့မဟုတ် သီးခြားပြည်နယ်အဖြစ်ထူထောင်ရန် တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

သို့သော်အိန္ဒိယက အခိုင်အမာ ယူထားဆဲ ဖြစ်သည်။ ပုန်ကန်သူများအား ချေမှုန်းရန် သိန်းနှင့်ချီသည့် တပ်ဖွဲ့များကို စေလွှတ်ခဲသည်။ ၂၀၁၉ ခုနှစ်တွင် ကက်ရှ်မီးယားကို ကိုယ်အုပ်ချုပ်ခွင့် ဒေသမှ ရုပ်သိမ်းခဲ့ရာ အိနိ္ဒယဖက်သို့ ပါသူများကပင် ဝေဖန်ခဲ့ကြသည်။

ကက်ရှ်မီးယားဒေသ၏ ခရီးသွားလုပ်ငန်းအပေါ်လည်း ထိရောက်မှုရှိခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ်မှ မရုပ်သိမ်းမီ ရက်အနည်းငယ်တွင် အကြိမ်ဖက်ခြိမ်းခြောက်မှု အန္တရာယ်ရှိကြောင်း ထောက်လှမ်းရေး သတင်းများအရ ကက်ရှ်မီးယားနယ်မဟုတ်သူများ နေရပ်စွန့်ခွာရန် အိန္ဒိယအစိုးရက အမိန့်ပေးခဲ့သည်။

ညတွင်းချင်းပင် နိုင်ငံခြားသားများ၊ ပြည်တွင်းခရီးသည်များ၊ ဟိန္ဒိူ ဘုရားဖူးများနှင့် အိနိ္ဒယပြည်မမှ အလုပ်သမား များစွာတို့သည် ကက်ရှ်မီးယားဒေသမှ ထွက်ခွာရန် ပြင်ဆင်ခဲ့ကြသည်။ ကက်ရှ်မီးယားတွင် ၁၈ လဆက်တိုက် အင်တာနက် ပိတ်ထားခြင်းနှင့် မသေချာသည့် နိုင်ငံရေးအခြေအနေများကြောင့် ခရီးသွားဝင်ရောက်မှုများ နည်းနေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly