တာမွေမြို့နယ်နေ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့

တာမွေမြို့နယ်နေ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့
Photo- မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့

ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဝဏ္ဏသိင်္ဂီလမ်းနေ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဧပြီလ ၂ဝ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့က မဇ္ဈိမကို ပြောသည်။

ကိုဗစ်ပိုးတွေ့သူအမျိုးသားမှာ ဇနီးဖြစ်သူနှင့် နှစ်ဦးတည်းနေထိုင်ပြီး ဧပြီလ ၁၈ ရက်နေ့မှာ ဇနီးဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရင်း ကိုဗစ်စစ်ဆေးခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။ ကိုဗစ်ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူက အိမ်မှာ နေတယ်။ သူ့အမျိုးသမီးနဲ့ သူနဲ့ ၂ ယောက်။ သူ့အမျိုးသမီးကတော့ ဧပြီလ ၁၈ ရက်နေ့က ဆုံးသွားပြီ။ ရုပ်အလောင်းကို ကျွန်တော်တို့ပဲ သဂြိုလ်ပေးလိုက်တယ်။ သူ့သားနဲ့ သမီးနဲ့က နယ်မှာနေတယ်။ သားနဲ့ သမီးက အဖေအသက်ကြီးပြီ ကျန်းမာရေးစစ်လိုက်ပါဦးဆိုတော့ ကုတင် ၅ဝဝ ကိုသွားပြီး ကျန်းမာရေးစစ်တယ်။ ကုတင် ၅ဝဝ ရောက်တာနဲ့ Test Kit နဲ့ ကိုဗစ်စစ်လိုက်တော့ Positive ဖြစ်နေတယ်” ဟု ပြောသည်။

ချောင်းသာကမ်းခြေဒေသမှာလည်း ဧပြီလ ၂ဝ ရက်နေ့က ကိုဗစ်ပိုးတွေ့သူ ၄ ဦးတွေ့ရှိထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly