မီဂွယ်ဒီယက်ဇ်ကာနယ်က ရာအူးလ်ကက်စ်ထရို နေရာ ဆက်ခံပြီး ကျူးဘားခေါင်းဆောင် ဖြစ်လာ

မီဂွယ်ဒီယက်ဇ်ကာနယ်က ရာအူးလ်ကက်စ်ထရို နေရာ ဆက်ခံပြီး ကျူးဘားခေါင်းဆောင် ဖြစ်လာ

ဧပြီ ၂၀

ကျူးဘားနိုင်ငံကို ဆယ်စုနှစ်ခြောက်ခုကြာ တာ၀န်ယူအုပ်စိုးခဲ့သည့် ကက်စ်ထရို ညီအကိုထံမှ ပထမဆုံးသော အရပ်သားခေါင်းဆောင် မီဂွယ်ဒီယက်ဇ်ကာနယ်ထံ ဧပြီ ၁၉ ရက်တွင် တရား၀င် အာဏာလွှဲပြောင်းပေးအပ်ခဲ့ခြင်းနှင့်အတူ အဆိုပါကွန်မြူနစ်နိုင်ငံတွင် ကက်စ်ထရို ညီအကို၏ အုပ်စိုးမှု ခေတ်တစ်ခေတ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

အဆိုပါ လွှဲပြောင်းမှုက တစ်ပါတီစနစ်ဖြင့် ရှိနေသော ယင်းနိုင်ငံတွင် သိသာထူးခြားသည့် မူ၀ါဒဆိုင်ရာ အပြောင်းအလဲများကို ဖြစ်ပေါ်လာစေဖွယ် မရှိဘဲ ခေါင်းဆောင်သစ် ဖြစ်လာသည့် အသက် ၆၀ နှစ်ရှိ ဒီယက်ဇ်ကာနယ်ကလည်း တစ်ပါတီစနစ်ကို ကာကွယ်‌စောင့်ရှောက်သွားမည်ဟု ပြောသွားခဲ့သည်။

“တော်လှန်ရေးအတွင်းမှာ တော်လှန်မှုအဖြစ်ဆုံး အရာက ပါတီကို အမြဲတစ်စေ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်၊ တူညီတဲ့နည်းနဲ့ပဲ ပါတီဟာလည်း တော်လှန်ရေးအတွက် အကြီးမားဆုံး ခုခံကာကွယ်သူဖြစ်သင့်ပါတယ်” ဟု မီဂွယ်က ဧပြီ ၁၉ ရက်တွင် ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် ရာထူးစွန့်သွားသည့် ရာအူးလ် ကက်စ်ထရိုကိုလည်း “မဟာဗျူဟာကျသော ဆုံးဖြတ်ချက်များ” နှင့်ပတ်သက်ပြီး ဆက်လက် တိုင်ပင်ဆွေးနွေးသွားဦးမည်ဖြစ်ကြောင်း မီဂွယ်က ပြောသည်။

အနားယူပြီးနောက်ပိုင်း ရာအူးလ်ကက်စ်ထရိုသည် အမှား သို့မဟုတ် ဟာကွက်များ ရှိပါက သတိပေး၊ လမ်းညွှန်ချက်များ ပေးအပ်မည်ဖြစ်သလို နယ်ချဲ့၀ါဒကို ဆက်လက် ရင်ဆိုင်သွားရန် အသင့်ရှိနေလိမ့်မည်ဖြစ်ကြောင်း မီဂွယ်က ပြောသည်။

၂၀၁၈ ခုနှစ်နောက်ပိုင်းကတည်းက ကျူးဘားသမ္မတအဖြစ် တာ၀န်ယူနေခဲ့သည့် မီဂွယ်ဒီယက်ဇ်ကာနယ်သည် ယခုအခါ ကျူးဘား ကွန်မြူနစ်ပါတီ (PCC) ၏ အဆင့်အမြင့်ဆုံးရာထူးနေရာဖြစ်သည့် အထွေထွေအတွင်းရေးမှူးနေရာကို ရယူလိုက်ပြီ ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly