တူနီရှားနိုင်ငံပိုင်သတင်းအေဂျင်စီ အကြီးအကဲသစ်ခန့်အပ်မှုကို တူနီရှား ဂျာနယ်လစ်များ ဆန့်ကျင်ဆန္ဒပြ 

တူနီရှားနိုင်ငံပိုင်သတင်းအေဂျင်စီ အကြီးအကဲသစ်ခန့်အပ်မှုကို တူနီရှား ဂျာနယ်လစ်များ ဆန့်ကျင်ဆန္ဒပြ 

ဧပြီ ၂၀

 တူနီးရှားနိုင်ငံတွင် နိုင်ငံပိုင်သတင်းအေဂျင်စီ အကြီးအကဲသစ် ခန့်အပ်မှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့်ဂျာနယ်လစ်များနှင့် ရဲများ ဧပြီ ၁၃ ရက်က အဆိုပါ သတင်းအေဂျင်စီတွင် ထိပ်တိုက်တွေ့ အချင်းများခဲ့ကြသည်။နိုင်ငံပိုင်သတင်းအေဂျင်စီ၏ အမှုဆောင်အရာရှိချုပ်သစ် ခန့်အပ်မှုက သတင်းရေးသားမှုနှင့် အယ်ဒီတာဆိုင်ရာလွတ်လပ်မှုကို လျော့ပါးစေရန် ကြိုးပမ်းမှုတစ်ခုအဖြစ် တူနီးရှား ဂျာနယ်လစ်များက ရှုမြင်သည်။ 

ဒါဇင်နှင့်ချီသော ဆန္ဒပြ ဂျာနယ်လစ်များသည် သတင်းအေဂျင်စီ Tunis Afrique Presse’s (TAP) ဌာနချုပ်အရှေ့တွင် စုဝေးခဲ့ကြပြီး အေဂျင်စီ အကြီးအကဲသစ် ကာမဲလ် ဘန် ယူနက်စ် အထဲသို့ မ၀င်ရောက်စေရေး တားဆီးရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ရဲများက အတင်းအကျပ် လမ်းကြောင်းရှင်းပေးခဲ့သည်။ 

“TAP က လွတ်လပ်မှု ရှိတယ်၊ ရဲတွေ ထွက်သွားကြရလိမ့်မယ်” ဟု ဂျာနယ်လစ်များက အော်ဟစ်ခဲ့ကြသည်။ 

ဘန် ယူနက်စ်သည် ပါလီမန်ရှိ အကြီးဆုံးပါတီဖြစ်သည့် အစွန်းမရောက်သော အစ္စလမ္မစ် Ennahda ပါတီနှင့် နီးနီးကပ်ကပ် ရှိလွန်းသည်ဟု ဆန္ဒပြဂျာနယ်လစ်များက ပြောသည်။ ၂၀၁၁ တော်လှန်ရေးကြောင့် ဒီမိုကရေစီ ဖြစ်ပေါ်ရရှိစေမှု မတိုင်မီ သတင်းမီဒီယာကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများကို ယူနက်စ်က ထောက်ခံပံ့ပိုးခဲ့သည်ဟု ၎င်းတို့က စွပ်စွဲသည်။ 

စွပ်စွဲချက်နှစ်ခုစလုံးကို ယူနက်စ်က ငြင်းဆန်ခဲ့ပြီး ၎င်းသည် နိုင်ငံရေးအရ လွတ်လပ်သူတစ်ဦးဖြစ်ကြောင်းနှင့် ဘီဘီစီ အပါအ၀င် သတင်းဌာနအချို့တွင် ဂျာနယ်လစ်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည့် ၎င်း၏ အရင်အလုပ်အကိုင်ကိုညွှန်းဆိုထောက်ပြသွားခဲ့သည်။ 

နိုင်ငံရေးအရ ဆက်လက်ရပ်တည်နိုင်ရန်အတွက် Ennahda ၏ ပါလီမန်ဆိုင်ရာ ထောက်ခံမှုကို လိုအပ်သည့် ၀န်ကြီးချုပ် ဟီချမ် မက်ချီချီက ဘန် ယူနက်စ်ကို အလုပ်တာဝန်ခန့်အပ်မှုသည် စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာလုပ်ဆောင်ချက်သက်သက်သာ ဖြစ်ကြောင်းနှင့် TAP ၏ အယ်ဒီတာဆိုင်ရာ ရပ်တည်ချက်ကို ၀င်ရောက်စွက်ဖက်ရန် အားထုတ်ခြင်း မဟုတ်ကြောင်း ပြောခဲ့သည်။ 

တော်လှန်ရေး မတိုင်မီက TAP သည် အစိုးရသတင်းရင်းမြစ်များအပေါ်တွင်သာ လုံးလုံးလျားလျား အခြေပြုသည့်အစိုးရ ဝါဒဖြန့် လက်နက်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ယင်းသည် အယ်ဒီတာဆိုင်ရာ လွတ်လပ်မှုရှိသည့် ရှားပါးသော အာရပ်သတင်းအေဂျင်စီတစ်ခု ဖြစ်လာခဲ့ပြီး တစ်ခါတစ်ရံ အစိုးရကို ‌ဝေဖန်သည့် ဆောင်းပါးများကိုလည်းရေးသားခဲ့သည်။ 

ဇန်နဝါရီလ ဆန္ဒပြပွဲများအတွင်းကလည်း ယင်းသည် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပုံအတိုင်း ရေးသားဖော်ပြခဲ့သလိုရဲတပ်ဖွဲ့၏ လူမဆန်မှု စွပ်စွဲချက်များနှင့်ပတ်သက်၍လည်း ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ယင်းသည် ၀န်ကြီးချုပ် မက်ချီချီ၊ Ennahda နှင့် သမ္မတ ကိုင်စ် ဆေးအိုင်ဒ် တို့အကြား သဘောထားကွဲလွဲမှုနှင့်ပတ်သက်ပြီးလည်းရေးသားဖော်ပြခဲ့သည်။ 

“ဒီရာထူးခန့်အပ်မှုကတော့ အေဂျင်စီကိုချုပ်ကိုင်လိုပြီး အစိုးရနဲ့ သက်ဆိုင်တဲ့၊ တစ်ဖတ်သတ် ဘက်လိုက်တဲ့ပြန်ကြားရေးလက်နက်တစ်ခု ဖြစ်စေလိုတဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုကို ညွှန်ပြနေပါတယ်၊ ဒါမျိုးကို ကျွန်တော်တို့လက်ခံမှာ မဟုတ်ပါဘူး” ဟု TAP ဂျာနယ်လစ်တစ်ဦးဖြစ်သည့် မိုနာရ် ဆိုအစ်ဆီက ဆန္ဒပြပွဲတွင် ပြောသည်။ 

အကယ်၍ အစိုးရအနေဖြင့် ဘန် ယူနက်စ်ကို တာ၀န်မှ ပြန်နုတ်ထွက်စေခြင်းမရှိပါက  ဧပြီ ၂၂ ရက်တွင် ၎င်းတို့၏ပထမဆုံးသော သပိတ်မှောက်ဆန္ဒပြမှုကို လုပ်ဆောင်ရန် တူနီးရှား အလုပ်သမား သမဂ္ဂများ လှုပ်ရှားမှု၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဂျာနယ်လစ်များ အသင်းစုက TAP သတင်းထောက်များကို နိုးဆော်ထားသည်။ 

မက်ချီချီနှင့် ဘန် ယူနက်စ်တို့က ၎င်းတို့အနေဖြင့် နောက်ပြန်တပ်ခေါက်မည်မဟုတ်ဟု ပြောထားသည်။ 

“ကျွန်တော်ဟာ ကျွန်‌တော့်ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်မှာ နှစ်ပေါင်း ၃၅ နှစ်တာ အမှီအခိုကင်းစွာ ရှိခဲ့တာကို လူတိုင်း သိပါတယ်၊ ပြီးတော့ ကျွန်တော့်ကို ဒီအလုပ်နေရာမှာ ခန့်အပ်တဲ့ ရည်ရွယ်ချက်ကလည်း စီမံအုပ်ချုပ်မှုနဲ့ ဘဏ္ဍာရေး ပြဿနာတွေ ကြုံတွေ့နေရတဲ့ အေဂျင်စီကို ပြုပြင်ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်” ဟု ဘန် ယူနက်စ်ကရိုက်တာကို ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly