နာဗယ်ညီ ထောင်ထဲ၌ အသက်သေဆုံးပါက ရုရှားအနေဖြင့် အကျိုးဆက်များ ပြန်ခံရမည်ဟု အမေရိကန် သတိပေး

နာဗယ်ညီ ထောင်ထဲ၌ အသက်သေဆုံးပါက ရုရှားအနေဖြင့် အကျိုးဆက်များ ပြန်ခံရမည်ဟု အမေရိကန် သတိပေး
Photo - AFP

ဧပြီ ၁၉

အစာငတ်ခံ ဆန္ဒပြနေသော ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်ညီ အကယ်၍များ အကျဉ်းထောင်ထဲ၌ သေဆုံးသွားမည်ဆိုပါက ရုရှားအစိုးရအနေဖြင့် အကျိုးဆက်များ ပြန်ခံရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်က ဧပြီ ၁၈ ရက်တွင် သတိပေးသွားခဲ့သည်။

မော်စကိုအစိုးရဝေဖန်သူ နာဗယ်ညီ၏ အဖွဲ့သည် လက်ရှိအချိန်တွင် ၎င်း၏ အသက်ကို ကူညီကယ်ဆယ်နိုင်ရန်အတွက် ရုရှားနိုင်ငံတ၀န်း လူထုဆန္ဒပြပွဲများ ပြုလုပ်ရန် တောင်းဆိုလျက် ရှိသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ်  ဝေဖန်သည့် ထင်ရှားသော အတိုက်အခံ နိုင်ငံရေးသမား နာဗယ်ညီသည် လက်ရှိအချိန်တွင် ကျန်းမာရေး ယိုယွင်းဆိုးရွားလာနေပြီး ၎င်းအနေဖြင့် အချိန်မရွေး အသက်သေဆုံးသွားနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် ၎င်းနှင့် ချက်ချင်း တွေ့ဆုံပြီး ဆေးကုသခွင့်ပေးရန်အတွက် နာဗယ်ညီ၏ ဆရာ၀န်များက ထုတ်ဖော်တိုက်တွန်းထားခဲ့သည်။

အကယ်၍ နာဗယ်ညီသာ အသက်သေဆုံးသွားမည်ဆိုပါလျင် ရုရှားအစိုးရအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံ တာ၀န်ခံသွားရလိမ့်မည် ဖြစ်ကြောင်း ဝါရှင်တန်က သတိပေးထားခဲ့သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က ပြောခဲ့သည်။

နာဗယ်ညီအပေါ် မော်စကိုအာဏာပိုင်တို့၏  လက်ရှိပြုမူဆက်ဆံနေမှုအခြေအနေနှင့်ပတ်သက်ပြီး ပြင်သစ်၊ ဂျာမနီနှင့် ဥရောပသမဂ္ဂတို့သည် ဧပြီ ၁၈ ရက်က ဆန့်ကျင်ကြောင်း အတူတကွထုတ်ဖော်ခဲ့ကြသလို ထို အခြေအနေနှင့်ပတ်သက်ပြီး အီးယူနိုင်ငံခြားရေး၀န်ကြီးများသည် ဧပြီ ၁၉ ရက်တွင် ဆွေးနွေးသွားကြရန် ရှိနေသည်။

အသက် ၄၄ နှစ်ရှိ နာဗယ်ညီသည် ဖေဖေါ်၀ါရီလက အကျဥ်းချခံခဲ့ရပြီး အလွဲသုံးစားလုပ်မှု စွဲချက်ဟောင်းများအတွက် ထောင်ဒဏ် နှစ်နှစ်ခွဲ ပြစ်ဒဏ်ကို ကျခံနေရသည်။

၎င်းသည် ကျောကုန်း နာကျင်မှုနှင့် ခြေထောက်နှင့်လက်များ ထုံကျင်မှုတို့အတွက် သင့်လျော်သည့် ဆေးကုသမှုခံယူနိုင်ရေး တောင်းဆိုရန်အတွက် မတ်လ ၃၁ ရက်မှစပြီး အစာငတ်ခံ ဆန္ဒပြနေခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly