ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်လွှား သေဆုံးသူ သုံးသန်းကျော် ရှိလာ 

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်လွှား သေဆုံးသူ သုံးသန်းကျော် ရှိလာ 
A man weeps as his father is buried in New Delhi, India

 ဧပြီ  ၁၈ ၊၂၀၂၁

ကမ္ဘာတစ်လွှားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေသည် သုံးသန်းကျော်အထိ ရှိလာပြီဖြစ်သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်အရ သိရသည်။ 

လက်ရှိအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှုန်းသည် အမြင့်ဆုံးနှုန်းသို့ ချည်းကပ်နေဆဲဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထာပြီး နောက်တစ်ရက်၌ ယခုကဲ့သို့ သေဆုံးသူနှုန်း သုံးသန်းကျော်ခြင်းလည်း ဖြစ်သည်။ 

ကိုဗစ်-၁၉ ဒုတိယလှိုင်းအား ရင်ဆိုင်နေရသည့် အိန္ဒိယတွင် စနေနေ့ တစ်ရက်တည်းမှာပင် ကူးစက်သူအသစ် ၂၃၀၀၀၀ ကျော် စံချိန်တင်သည်။ 

ကပ်ဘေးစတင်ချိန်မှ စပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း သန်း ၁၄၀ နီးပါး ရှိပြီဖြစ်သည်။ 

ကူးစက်မှုနှင့် သေဆုံးနှုန်းသည် စိုးရိမ်စရာ နှုန်းထား၌ ဆက်လက်မြင့်တက်နေသည်ဟု WHO အကြီးအကဲ တက်ဒရော့စ်အက်ဟမ်နွန်ဂျီဘရီယေဆက်က သတိပေးသည်။ 

“တစ်ကမ္ဘာလုံးမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း သီတင်းပတ်တိုင်းမှာ ကူးစက်ဖြစ်ပွားနှုန်းက နှစ်ဆနီးပါး တိုးပွားနေတယ်”ဟု ၎င်းက ဆိုသည်။ 

ကမ္ဘာ့တွင် ကပ်ဘေးအား အဆိုးဆုံး ကြုံနေသော အမေရိကန်၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့၏ သေဆုံးသူနှုန်းသည် တစ်သန်းကျော် ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆိုသည်။ 

ပြီးခဲ့သည့် သီတင်းပတ်၌ ကမ္ဘာတစ်ဝန်းတွင် နေ့စဉ် ပျမ်းမျှ လူပေါင်း ၁၂၀၀၀ သေဆုံးခဲ့ရကြောင်း အေအက်ဖ်ပီ၏ စစ်တမ်းကောက်ယူချက်အရ သိရသည်။ 

သို့ရာတွင် ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်ဝန်း တရားဝင်ထုတ်ပြန်သော သေဆုံးနှုန်းသည် နိုင်ငံအများစုတွင် သေဆုံးနှုန်း အမှန် မရနိုင်ခြင်းကြောင့် အပြည့်အဝ မှန်ကန်လိမ့်ဖွယ် မရှိပေ။ 

ကမ္ဘာ့နိုင်ငံပေါင်း ၁၆၅ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန် ၈၆၀ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ 

သို့သော် တက်ဒရော့စ်က ကုလသမဂ္ဂ တာဝန်ရှိသူများအား သောကြာနေ့က ပြောရာ၌ “ကာကွယ်ဆေး မျှတစွာ ရရှိမှုဟာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုပဲ ဖြစ်နေပြီး ဒီအရေးမှာ ကျွန်တော်တို့ အရေးနိမ့်နေတယ်”ဟု ပြောခဲ့သည်။ 

အချို့သော နိုင်ငံများက ၎င်းတို့၏ လူဦးရေ ကြီးမားသော အချိုးအစားအတွက် ကာကွယ်ဆေး စိတ်ချရအောင် များစွာ တင်ယူသိုလှောင်ကြခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly