အမေရိကန်နိုင်ငံ အင်ဒီယာနာပိုလစ်မြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၈ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ အင်ဒီယာနာပိုလစ်မြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၈ ဦးထက်မနည်း သေဆုံး
Photo - AFP

ဧပြီ ၁၆

အမေရိကန်နိုင်ငံ အင်ဒီယာနာပိုလစ်မြို့ရှိ အမြန်ချောပို့ ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုတွင် သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် သေနတ်သမားသည်လည်း ပစ်ခတ်မှုကျူးလွန်ပြီးနောက် ၎င်းကိုယ်ကိုယ် ပြန်ပစ်ပြီး အဆုံးစီရင်သွားခဲ့ကြောင်း ယင်းမြို့ရှိ ရဲတပ်ဖွဲ့က ပြောသည်။

သေနတ်ပစ်ခတ်မှုဖြစ်စဥ်သည် ဧပြီ ၁၅ ရက်ညပိုင်းက အမြန်ချောပို့ကုမ္ပဏီ Fedex ၏ အဆောက်အအုံတစ်ခု၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြော‌ရေးဆိုခွင့်ရှိသူ ဂီနေး ကွတ်ခ်က ပြောသည်။

ယင်းဖြစ်စဥ်တွင် လူရှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတစ်ချို့ကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်းလည်း သိရသည်။

သေနတ်ဒဏ်ရာရသူ လေးဦးကို လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တစ်ဦးမှာ အခြေအနေ စိုးရိမ်ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

အင်ဒီယာနာပိုလစ်မြို့၏ နိုင်ငံတကာ လေဆိပ်အနီးရှိ အလုပ်ရုံ၌ ညဆိုင်းတာ၀န်ကျခဲ့သော အမျိုးသားတစ်ဦးက ပြည်တွင်းရုပ်သံဌာန WISH-TV ကို ပြောကြားခဲ့ရာတွင် သေနတ်သမား ရောက်လာပြီး စတင်ပစ်ခတ်ခဲ့သည်ကို မြင်ခဲ့ရကြောင်းနှင့် သေနတ်ပစ်ခတ်မှု အချက်ပေါင်း ၁၀ ချက်ကျော်ကို ကြားခဲ့ရသည်ဟု ဆိုသည်။

“အော်တိုမက်တစ် ရိုင်ဖယ်သေနတ်နဲ့ အမျိုးသားတစ်ယောက်ကို ကျွန်တော်တို့ မြင်ခဲ့တယ်၊ သူက အဲဒီမှာ စပြီး ပစ်တော့တာပဲ၊ ကျွန်တော်လည်း ချက်ချင်းပဲ ပုန်းခဲ့ရတယ်၊ တော်တော့်ကို ကြောက်ခဲ့မိတယ်” ဟု ဂျရမီယာ မေလာက ပြောသည်။
ထို သေနတ်ပစ်ခတ်မှုဖြစ်စဥ် ဖြစ်ပွားရာနေရာသို့ ရဲများ သွားရောက်ကိုင်တွယ်ဖြေရှင်းခဲ့ရပြီး ဘယ်သူဘယ်၀ါ မသိရသေးသည့် သေနတ်သမားမှာ ၎င်းကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ဟု ယုံကြည်ထားကြောင်း ကွတ်ခ်က သတင်းထောက်များကို ပြောခဲ့သည်။

လက်ရှိအချိန်တွင် အများပြည်သူ‌ ဘေးကင်းလုံခြုံရေးအတွက် လက်တလော ခြိမ်းခြောက်မှု မရှိတော့ဟု အာဏာပိုင်များက ကောက်ချက်ချထားပြီး သေဆုံးသူများနှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းလျက်ရှိကာ ဖြစ်စဥ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required