ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီးနောက် အစ္စရေးက ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်

ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီးနောက် အစ္စရေးက ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်
Photo - AFP

ဧပြီ ၁၆

ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသရှိ စစ်ရေးပစ်မှတ်များကို လေ‌ကြောင်းကနေ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဧပြီ ၁၆ ရက်တွင် ပြောသည်။

ဂါဇာဘက်မှ ပစ်ခတ်ခဲ့သည့် ဒုံးကျည်က အစ္စရေးတောင်ပိုင်းကို ကျရောက်ခဲ့ပြီးနောက် ထိုကဲ့သို့ လက်တုံ့ပြန်တိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဂါဇာကို အုပ်ချုပ်နေသည့် ဟားမားစ်တို့၏ လက်နက် ထုတ်လုပ်ရာ နေရာတစ်ခု၊ လက်နက် မှောင်ခိုသွင်းထုတ်သည့် ဥမင်တစ်ခုနှင့် စစ်စခန်းတစ်ခုတို့ကို တိုက်လေယာဥ်များ၊ ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

“အစ္စရေး ပြည်သူတွေအပေါ် ခြိမ်းခြောက်လာတဲ့ ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမှ ကျွန်တော်တို့ သည်းခံသွားမှာ မဟုတ်ဘူး” ဟု အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဂါဇာဘက်မှ ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဧပြီ ၁၅ ရက်တွင် တောင်ပိုင်း ဆဒါရော့မြို့ရှိ အစ္စရေးပြည်သူများသည် ဘေးလွတ်ရာ အကာအကွယ်ယူခဲ့ကြရကြောင်း သိရသည်။

ဂါဇာဘက်မှ ပစ်လိုက်သော ဒုံးကျည် ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

ဟားမားစ်တို့သည် ၂၀၀၇ ခုနှစ်က ဂါဇာကို ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ဂါဇာ၏ ပင်လယ်ပိုင်းနှင့် ကုန်းတွင်း နယ်စပ်များကို အစ္စရေးက ပိတ်ဆို့မှုများ ချမှတ်လုပ်ဆောင်ခဲ့သည်။

ယင်းနောက်ပိုင်း အစ္စရေးနှင့် ဟားမားစ်တို့အကြား စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly