တရုတ်သည် နိုင်ငံတော်လုံခြုံရေးအတွက် များစွာ စိုးရိမ်ရဟု ကနေဒါ သတ်မှတ်

တရုတ်သည် နိုင်ငံတော်လုံခြုံရေးအတွက် များစွာ စိုးရိမ်ရဟု ကနေဒါ သတ်မှတ်

တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ လုံခြုံရေးအတွက် အဓိက စိုးရိမ်ရသည့်နိုင်ငံဖြစ်နေကြောင်း ပါလီမန်အမတ်များ၏ နိုင်ငံတော်လုံခြုံရေးနှင့် ထောက်လှမ်းရေး ကော်မတီ (NSICOP) ၏ ဧပြီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကနေဒါ၏ နိုင်ငံတော်လုံခြုံရေးကို များစွာခြိမ်းခြောက်သည့် နိုင်ငံများတွင် ရုရှားလည်း ပါဝင်ကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထာသည်။

“နိုင်ငံခြားတိုင်းပြည်တွေဟာ ကနေဒါရဲ့ ကမ္ဘာပေါ်မှာ ရှေ့ပြေးနေတဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ပိုမိုပစ်မှတ် ထားလာပါတယ်။ ပြည်ပက အန္တရာယ်တွေဟာ ကနေဒါရဲ့ စီးပွားရေးနဲ့ လုံခြုံရေး ရေရှည် အကျိုးစီးပွားတွေကို ကြီးကြီးမားမား ခြိမ်းခြောက်လာကြောင်း ကနေဒါ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်”

အဆိုပါ နိုင်ငံများသည် နည်းပညာ၊ အချက်အလက်နှင့် အဖွဲ့အစည်းများအကြောင်း သိရှိနိုင်ရန် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သည့် နည်းလမ်းများကို ပေါင်းစပ် အသုံးပြုခဲ့ကြောင်း အစီရင်ခံ စာတွင် ရေးသားထားသည်။

တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ကနေဒါနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး သုတေသနလုပ်ငန်းကိုလည်း ပစ်မှတ်ထားကြောင်း Sputnik သတင်းဌာနက ဖော်ပြသည်။

“ကနေဒါနိုင်ငံမှ ပညာရပ်များကိုရယူနိုင်ရန် တရုတ်အနေဖြင့် ကျွမ်းကျင်မှုတင်ဆက်သည့် အစီအစဉ်နှင့် ပညာတော်သင်အစီအစဉ်များကို အသုံးပြုသည်။ ပြည်ပတွင် ရောက်ရှိနေသည့် သိပ္ပံပညာရှင်များအနေဖြင့် ၎င်းတို့၏ သုတေသန ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံသို့ ယူဆောင်လာရန် တိုက်တွန်းအားပေးရန် ၂၀၀၈ ခုနှစ်တွင် ထူထောင်ခဲ့သည့် Thousand Talents Program အစီအစဉ်ကို အမေရိကန် တရားရေးဌာနကစုံစမ်းနေသည်”ဟု ပါလီမန် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရေး လုပ်ငန်းနှင့် သက်ဆိုင်သည့် လျှိူ့ဝှက်အချက်အလက်ရယူခြင်းများသည် ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း မြင့်တက်လာ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်၊ ရုရှားနှင့် အီရန်တို့၏ ထောက်လှမ်းရေးအချက်အလက် စုဆောင်းသည့် လုပ်ငန်းများသည် အမေရိကန်၊ ကနေဒါနှင့်ဗြိတိန်နိုင်ငံတို့ရှိ သုတေသန ကွန်ရက်များကို ပစ်မှတ်ထားလျှက်ရှိသည်။

အမေရိကန်၏ တောင်းဆိုမှုကြောင့် ၂၀၁၈ ခုနှစ်တွင် ဗင်ကူးဗားမြို့၌ တရုတ်နိုင်ငံသား မန်ဝမ်းကျူး ဖမ်းဆီးခံရခြင်း၊ ကနေဒါသံတမန်ဟောင်း မိုက်ကွယ်ကိုဘာ့ဂျ်နှင့် စီးပွားရေး လုပ်ငန်းရှင် မိုက်ကယ်စပါဗာတို့အား သူလျှိုမှုဖြင့် တရုတ်တွင် တရားစွဲဆိုခံရခြင်း၊ ဟောင်ကောင်တွင် တရုတ်အစိုးရက နိုင်ငံတော်လုံခြုံရေးဥပဒေ ပြဌာန်းလိုက်ခြင်းနှင့် ရှင်ကျန်းပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်းတို့အား ကနေဒါအစိုးရက ပြစ်တင်ရှုတ်ချခြင်းတို့ကို ကနေဒါအစိုးရက ပြစ်တင်ရှုတ်ချပြီးနောက် နှစ်နိုငငံအကြား ဆက်ဆံရေး ဆိုးရွားခဲ့သည်။

၎င်းတို့၏ နိုင်ငံသားများအား ဖမ်းဆီးထားခြင်းသည် နိုင်ငံရေးပယောဂဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက သတ်မှတ်ထားကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required