ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန် ကမ္ဘောဒီးယားတွင် လော့ခ်‌ဒေါင်းချ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန် ကမ္ဘောဒီးယားတွင် လော့ခ်‌ဒေါင်းချ
Photo - AFP

ဧပြီ ၁၅

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်ပင်နှင့် အနီးအနား မြို့ကြီးတစ်ခုတို့တွင် အာဏာပိုင်များက လော့ခ်ဒေါင်းများ ချမှတ်ခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်နေခြင်းက နိုင်ငံကို သေဘေးနှင့် ရင်ဆိုင်ရတော့မည့်ဆဲဆဲ အခြေအနေသို့ တွန်းပို့ထားခဲ့ကြောင်း ယင်း၏ အာဏာရှင်ဆန်သော ခေါင်းဆောင်ဖြစ်သည့် ၀န်ကြီးချုပ် ဟွန်ဆန်က သတိပေးခဲ့သည်။
အဆိုပါ အရှေ့တောင်အာရှနိုင်ငံသည် ဖေဖေါ်၀ါရီနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခြင်းကို ရင်ဆိုင်ထားခဲ့ရသည်။

ဖနွမ်ပင်ရှိ ဆေးရုံများတွင် ခုတင်နေရာ မရှိသလောက် ဖြစ်နေသည့်အတွက် စာသင်ကျောင်းများနှင့် မင်္ဂလာခန်းမများကို ကုသရေးစင်တာများအဖြစ် ပြောင်းလဲထားခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။

တစ်ချိန်တည်းမှာလည်းပဲ ကွာရန်တင်း စည်းမျဥ်းများ ချိုးဖောက်သူများကို ထောင်ဒဏ်ပြစ်ဒဏ်ပေးမည်ဟုလည်း ဟွန်ဆန်က ခြိမ်းခြောက်ထားသည်။

“ကျေးဇူးပြု၍ ကျွန်တော်တို့ရဲ့ ပြည်သူတွေအနေနဲ့ ဒီ အန္တရာယ်ကြီးတဲ့ အခြေအနေကို အဆုံးသတ်သွားစေဖို့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲပူးပေါင်း အားထုတ်ပေးကြပါ၊ ကျွန်တော်တို့ဟာ သေဘေးနဲ့ နီးကပ်တဲ့ အခြေအနေဆီ ရောက်နေပါတယ်၊ တကယ်လို့ ကျွန်တော်တို့ အတူတကွ ပူးပေါင်းပြီး အားမထုတ်ဘူးဆိုရင် တကယ့် သေဘေးဆီ ဦးတည်ရပါလိမ့်မယ်” ဟု ဟွန်ဆန်က ဧပြီ ၁၄ ရက်ညပိုင်းတွင် နိုင်ငံပိုင်ရုပ်သံကနေတဆင့် ထုတ်လွှင့်သည့် မိန့်ခွန်းထဲတွင် ပြောထားသည်။

ကမ္ဘောဒီးယား၏ နောက်ဆုံးထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄,၈၀၀ ကျော် ရှိသည်ဟု သိရသော်လည်း ၀န်ကြီးချုပ်က ဧပြီ ၁၄ ရက်တွင် ပြောကြားရာတွင် နောက်ထပ် ကူးစက်ခံရသူ ၃၀၀ ကို ထပ်တိုးတွေ့ရှိထားကြောင်း ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly