ပင်လယ်ပြင်အကြမ်းဖက်မှုများကို တားဆီးရန် သီရိလင်္ကာက အိန္ဒိယနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်း

ပင်လယ်ပြင်အကြမ်းဖက်မှုများကို တားဆီးရန် သီရိလင်္ကာက အိန္ဒိယနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်း

တားမြစ်ပိတ်ပင်ခံထားရသည့် အယ်လ်ကိုင်ဒါ နှင့် အဘူဆာယက်ဖ် တပ်ဖွဲ့များက အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ဒေသတွင် အဓိကသက်ရောက်မှုများဖြစ်လာနိုင်သည့် အကြမ်းဖက်အချက်အချာ ဒေသတစ်ခုကို သီရိလင်္ကာနိုင်ငံ၌ ဖန်တီးလာမည်ကို ဂိုသာဘာယာ ရာဂျာပတ်ခ်ဆာ၏ အစိုးရက စိုးရိမ်ပူပန်နေသည်။

အယ်လ်ကိုင်ဒါ နှင့် အဘူဆာယက်ဖ် ကွန်ရက်၊ ယင်းတို့၏ ကွန်ရက်များက ပင်လယ်ကွေ့၊ အာဖရိကအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများရှိ အဆက်သွယ်များနှင့် ချိတ်ဆက်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် သီရိလင်္ကာအာဏာပိုင်များက အိန္ဒိယအစိုးရနှင့်နီးကပ်စွာ လက်တွဲဆောင်ရွက်နေကြောင်း Economic Times မှ သိရှိရသည်။

ဧပြီလ နှောင်းပိုင်းတွင် သီရိလင်္ကာ သမ္မတ အိန္ဒိယနိုင်ငံသို့ အလည်အပတ် လာရောက်ပါက လုံခြုံရေး မိတ်ဖက်တိုးချဲ့မှု အစီအစဉ်လည်း ပါဝင်နိုင်သည်။

သမ္မတ ရာဂျာပတ်ခ်ဆာသည် နယူးဒေလီသို့ လာရောက်ရန်လည်း စဉ်းစားထားကြောင်း သိထားသူများက Economic Times သို့ ပြောကြားသည်။

လက်နက်များနှင့် ခဲယမ်းမီးကျောက်များဝယ်ယူရန် အတွက် ၁၉၈၀ ပြည့်နှစ်များတွင် တမီးလ်ကျားသူပုန် (The Liberation Tigers of Tamil Eelam (LTTE)) သည် မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် ငွေကြေးခဝါချမှုများစတင်ပြုလုပ်ခဲ့သည့် အချိန်မှစ၍ သီရိလင်္ကာသည် နှစ်ပေါင်းများစွာ နိုင်ငံဖြတ်ကျော်မှုခင်းများအတွက် သယ်ယူပို့ဆောင်ရေး ကြားခံနိုင်ငံ ဖြစ်ခဲ့သည်။

သီရိလင်္ကာလှေတစ်စင်းကို ကီရာလာရှိ ဗစ်ဟင်ဂျမ်ကမ်းလွန်တွင် မူးယစ်ဆေးဝါးများ၊ သေနတ်များနှင့် အတူ မတ်လ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ပြီး၊ ယင်းလှေသည် မူးယစ်ဆေးဝါးအကြမ်းဖက်မှုကွန်ရက်၏ အစိတ် အပိုင်းတစ်ခုဖြစ်သော သီရိလင်္ကာရှိ အုပ်စုတစ်စုနှင့် ခိုင်မာသောဆက်သွယ်မှုရှိနိုင်သည်ဟု အိန္ဒိယလုံခြုံရေးဌာနက ယုံကြည်ထားသည်။

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့နှင့် NCB သည် အိန္ဒိယရူပီး ဘီလီယံ ၃၀ (သီရိလင်္ကာရူပီး ၇၂၀ သန်း) တန်ဖိုးရှိဘိန်းဖြူ ကီလိုဂရမ် ၃၀ဝ ကို ကေကေ-၄၇ ရိုင်ဖယ်များ၊ ၉ မီလီမီတာကျည်ဆံ ၁၀ဝဝ ကျည်များနှင့် အတူ လှေထဲတွင် တွေ့ရှိခဲ့သည်။

လှေပေါ်တွင် ဖမ်းဆီးခံရသူများထံမှလည်း ပြစ်မှုကျူးလွန်ကြောင်းဖော်ပြသည့် စာရွက်စာတမ်း အမြောက်အများလည်း သိမ်းဆည်းခဲ့ပြီး သီရိလင်္ကာနိုင်ငံသား ၆ ဦးကိုလည်း တစ်ပါတည်း ဖမ်းဆီးရမိခဲ့ကြောင်း NCB က ထုတ်ပြန်ထားသည်။

မတ်လတွင် အိန္ဒိယ၊ သီရိလင်္ကာနှစ်နိုင်ငံလုံးနှင့် အဆက်အသွယ်ရှိသည့် နိုင်ငံစုံ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သည့် လုပ်ငန်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းကွန်ရက်သည် သီရိလင်္ကာနိုင်ငံ၏ အီစတာနေ့ ဗုံးပေါက်ကွဲမှုလည်း တစ်စိတ်တစ်ပိုင်းပတ်သက်နိုင်သည်။ သီရိလင်္ကာအာဏာပိုင်များက ပါကစ္စတန်ရှိကွန်ရက်နှင့် ချိတ်ဆက်မှုကိုလည်း စုံစမ်းနေကြောင်း Economic Times မှ သိရှိရသည်။

သီရိလင်္ကာရှိ အကြမ်းဖက်သမားများသည် ပါကစ္စတန်မှ မူးယစ်ဂိုဏ်းများနှင့် ဆက်စပ်မှုရှိသည်ဟုလည်း သံသယရှိနေကြသည်။

ပါကစ္စတန်ရှိ မူးယစ်ဆေးဝါးဂိုဏ်းဝင်များသည် ပင်လယ်လမ်းကြောင်းဖြင့် ဥရောပသို့ မူးယစ်ဆေးဝါးများ တင်ပို့ရန် သီရိလင်္ကာကို အသုံးပြုနေသည်။

မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းမှရရှိသောငွေများကို သီရိလင်္ကာရှိ အကြမ်းဖက်မှုလုပ်ငန်းများအတွက် အသုံးပြုခဲ့သည်ဟု ရင်းမြစ်များက စွပ်စွဲပြောကြားထားသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အိန္ဒိယ - သီရိလင်္ကာ - မော်လ်ဒိုက် အမျိုးသားလုံခြုံရေးအကြံပေးအဆင့်တွေ့ဆုံ ဆွေးနွေးပွဲပြန်လည်ပြုလုပ်ခြင်းသည် ပင်လယ်ပြင်တစ်လျှောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly