အိန္ဒိယလုံခြုံရေးတပ်ဖွဲဝင်များ၏ တိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်ဒါ၏ ကက်ရှ်မီးယားဒေသဆိုင်ရာ အကြီးအကဲ သေဆုံး

By India Blooms News Service
15 April 2021
အိန္ဒိယလုံခြုံရေးတပ်ဖွဲဝင်များ၏ တိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်ဒါ၏ ကက်ရှ်မီးယားဒေသဆိုင်ရာ အကြီးအကဲ သေဆုံး

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီယားတောင်ပိုင်း၏ ခရိုင်နှစ်ခုဖြစ်သည့် ပူဝါမာနှင့် ရှိုပန်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း ဧပြီလ ၉ရက်က လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည့် စစ်သွေးကြွ ၇ ယောက်တွင် အယ်လ်ကိုင်ဒါစစ်သွေးကြွအဖွဲ့၏ ကက်ရှ်မီးယားအခြေစိုက် AnsarGhazwat-ul-Hind (AGuH) အဖွဲ့၏ အကြီးအကဲဖြစ်သူ အီမတီယက်ဇ် ဆာဟာ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

အလားတူ ကောလာဟလများပျံ့နှံ့ခြင်းကို တားဆီးရန်အတွက် ပူဝါမာနှင့် ရှိုပန် ခရိုင်များတွင် မိုဘိုင်းအင်တာနက်ကို ခေတ္တဖြတ်ထားခဲ့သည်။

စစ်ဆင်ရေးများ အောင်မြင်သည့်အတွက် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များအား ရဲတပ်ဖွဲ့စစ်ဆေးရေးမှူးချုပ် (IGP) ဗီဂျေးကူးမားက ချီးမွမ်းပြောကြားလိုက်သည်။

စစ်သွေးကြွများရှိနေသည်ကို သတင်းရခြင်းကြောင့် ရက်သရီယာရိုင်ဖယ်တပ်ဖွဲ့၊ ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ် ရဲတပ်ဖွဲ့၏ အထူးစစ်ဆင်ရေးအုပ်စုနှင့် အရန်ရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေသည့်စစ်ဆေးရေးကို ပူဝါမာခရိုင် ထရယ်မြို့၊ နော်ဘူချ်ဧရိယာတွင် ပြုလုပ်ခဲ့သည်။

နော်ဘူချ်ဧရိယာသို့ရောက်သည့် လမ်းများအားလုံးကို ပိတ်ထားပြီး ထွက်ပေါက်များကိုလည်း ပိတ်ဆို့ထားသည်ဟု ၎င်းကပြောသည်။ လုံခြုံရေးတပ်ဖွဲ့များသည် ဧပြီလ ၉ရက်နေ့ နံနက်၏ အလင်းရောင်ရသည့်အချိန်တွင် စစ်ဆင်ရေးပြုလုပ်သည့်နေရာသို့ သွားရောက်ခဲ့ရာ စစ်သွေးကြွများက လက်နက်များဖြင့် ပစ်ခတ်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ရာ စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့သည်။

သေဆုံးသွားသည့် စစ်သွေးကြွများထဲတွင် AnsarGhazwat-ul-Hind (AGuH) အဖွဲ့၏ အကြီးအကဲဖြစ်သူ အီမတီယက်ဇ် ဆာဟာလည်း ပါဝင်ခဲ့ပြီး နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့များချထားခဲ့သည်။

ရှိုပန်မြို့၏ လူဦးရေထူထပ်သော ဂျန် မိုဟာလာဧရိယာတွင်လည်း ဒေသတွင်း ဗလီတစ်ခုသို့ ဝင်ရောက် လာသော စစ်သွေးကြွများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ညပိုင်းတစ်လျောက်လုံး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု သူက ပြောကြားခဲ့သည်။

လက်နက်ချရန်ငြင်းဆန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များအား ဆက်လက်ပစ်ခတ်ရန်ကြိုးပမ်းနေသည့် စစ်သွေးကြွများတို့၏ လှုပ်ရှားမှုကိုစောင့်ကြည့်ရန် အကြီးတန်း စစ်တပ်နှင့် ရဲအရာရှိများ ထိုဒေသတွင် စခန်းချ ထားသည်။

ရှိုပန်မြို့၏ ဂျန်မိုဟာလာဧရိယာတွင် စစ်သွေးကြွများရှိနေသည်ကို သတင်းရခြင်းကြောင့် ရက်သရီယာရိုင်ဖယ်တပ်ဖွဲ့၊ ဂျမူးနှင့် ကက်ရှ်မီးယားရဲတပ်ဖွဲ့၏ အထူးစစ်ဆင်ရေးအုပ်စုနှင့် အရန်ရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေသည့်စစ်ဆင်ရေးကို ဧပြီလ ၈ရက် ညနေပိုင်းက ပြုလုပ်ခဲ့ရာတွင် ပုန်းအောင်းနေသည့် စစ်သွေးကြွများက လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly