ကိုဗစ်ကြောင့် သေဆုံးမည်ကို ကြောက်ရွံ့ပြီး သေတမ်းစာရေးသည့် တရုတ်လူငယ်များ ပိုများလာ

ကိုဗစ်ကြောင့် သေဆုံးမည်ကို ကြောက်ရွံ့ပြီး သေတမ်းစာရေးသည့် တရုတ်လူငယ်များ ပိုများလာ

ဧပြီ ၁၅

ကိုဗစ်ရောဂါကြောင့် သေဆုံးမည်ကို ကြောက်ရွံ့ကာ သေတမ်းစာရေးသည့် တရုတ်လူငယ်များ ပိုမိုများပြားလာကြောင်း တရုတ် သေတမ်းစာမှတ်ပုံတင်ပြုစုရေးဌာန၏ အစီအရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

၁၉၉၀ ခုနှစ်နောက်ပိုင်း မွေးဖွားသူများအနက်မှ သေတမ်းစာရေးသူအရေအတွက်သည် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ အတွင်း ယခင်နှစ်များထက် ၆၀ ရာခိုင်နှုန်း မြင့်တက်လာသည်။ 

ပြည်ပတွင် နေထိုင်သည့် တရုတ်နိုင်ငံသားများသည် နေရပ်တွင် ကျန်ရှိသည့် ၎င်းတို့ ပိုင်ဆိုင်သော ပစ္စည်းများနှင့် ပတ်သက်၍ စီမံခန့်ခွဲနိုင်ရန် ယမန်နှစ် ဩဂုတ်လမှစ၍ ဌာနနှင့် ဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်ပြီး တစ်နှစ်အတွင်း ၃ ဆမြင့်တက်လာကြောင်း ဖော်ပြထားသည်။ 

သေတမ်းစာ ပြင်ဆင်သည့် အလေ့အထသည် တရုတ်နိုင်ငံ လူ့အသိုင်းအဝိုင်းတွင် အများစုက မင်္ဂလာမရှိသည့် လုပ်ရပ်အဖြစ် သတ်မျတ်ထားဆဲ ဖြစ်ကြောင်း South China Morning Post သတင်းစာ၏ ဆောင်းပါးတွင် ကျင်ချန်းက ရေးသားထားသည်။
အသက် ၁၈ နှစ်အရွယ် ကျာဟောင်း (အမည်ပြောင်း) အမည်ရှိ ကျောင်းသူတစ်ဦးသည်  ရှန်ဟိုင်းမြို့ရှိ အဆိုပါ မှတ်ပုံတင်ဌာနရုံးခန်းသို့ လာရောက်ကာ ၎င်းပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ ၃၀၀၀ အား သေတမ်းစာရေးကာ စီမံခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဧပြီ ၁၂ ရက်တွင် ဖော်ပြသည်။ 

“သေတမ်းစာရေးခြင်းသည် ဘဝ၏ အဆုံးသတ်မဟုတ်ဘဲ၊ အစတစ်ခုသာ” ဖြစ်သောကြောင့် ယခုအချိန်မှစ၍ ဘဝကို သတိကြီးစွာ လျှောက်လှမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။

သူမ အခက်အခဲဖြစ်စဉ်ကာလက ကူညီထောက်ပံ့ထားခဲ့သည့် သူငယ်ချင်းတစ်ဦးအား စုဆောင်းငွေများကို ပေးရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ဆက်လက် စုဆောင်းမိပါက သေတမ်းစာကို အသစ်ထပ်မံပြုပြင်ရေးသားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ 

စုငွေစာရင်းနှင့် ပတ်သက်၍ သေတမ်းစာအား ပြင်ဆင်သူ လူငယ် ၈၀ရာခိုင်နှုန်းကျော်နှင့်  အိမ်ယာအဆောက်အဦနှင့် ပတ်သက်၍ သေတမ်းစာ ပြင်ဆင်သူ ၇၀ ရာခိုင်နှုန်းထက်မနည်း ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ ပရဟိတ အစီအစဉ်တစ်ခုဖြစ်သည့် တရုတ် သေတမ်းစာမှတ်ပုံတင်ပြုစုရေးဌာနကို ၂၀၁၃ ခုနှစ်တွင် ထူထောင်ခဲ့သည်။ အသက် ၆၀ နှင့်အထက် သေတမ်းစာရေးသူများအတွက် အခမဲ့ ဆောင်ရွက်ပေးပြီး နိုင်ငံအနှံ့တွင် ရုံးခွဲပေါင်း ၁၁ ခုနှင့် ဝန်ဆောင်မှုပေးသည့် နေရာပေါင်း ၆၀ ခန့်ရှိသည်။ 

တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း သေတမ်းစာ ရေးနိုင်ရန် ဥပဒေက ခွင့်ပြုထားပြီး ကိုယ်ပိုင် ဝင်ငွေရှိပါကလည်း အသက် ၁၆ နှစ်မှစ၍ သေတမ်းစာ ရေးသားနိုင်သည်။ 

တရုတ်နိုင်ငံတွင် သေတမ်းစာရေးသူများ၏ ပျမ်းမျှအသက်မှာ ၆၇ နှစ်ဖြစ်ပြီး အရေအတွက်မှာလည်း ဥရောပနိုင်ငံများထက် ၂ ဆကျော် ပိုမိုများပြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly