ယူရေနီယံကို ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထုတ်လုပ်သွားမယ်လို့ ကုလသမဂ္ဂကို အီရန် ပြော 

ယူရေနီယံကို ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထုတ်လုပ်သွားမယ်လို့ ကုလသမဂ္ဂကို အီရန် ပြော 
Photo - AFP

ဧပြီ ၁၄

အီရန်နိုင်ငံအနေနဲ့ ယူရေနီယံဒြပ်စင်ကို ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထုတ်လုပ်သွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းကနေ အင်္ဂါနေ့မှာ ကြေညာသွားခဲ့ပါတယ်။ 

နာတန်ဇ်နျူကလီးယားစက်ရုံကို အဖျက်အမှောင့်လုပ်ဆောင် တိုက်ခိုက်လို့ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရပြီး နှစ်ရက်အကြာမှာ အီရန်နိုင်ငံက ကြေညာလာတာလည်း ဖြစ်ပါတယ်။ 

အဖျက်အမှောင့် တိုက်ခိုက်မှုအတွက်တော့ အီရန်ဟာ အစ္စရေးလက်ချက်ဖြစ်တယ်ဆိုပြီး အပြစ်ဆိုထားသလို လက်စားချေတုံ့ပြန်သွားမယ်လို့လည်း စိတ်ပိုင်းဖြတ်ပြောဆိုထားပါတယ်။ 

“နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီ IAEA ဆီ ပေးပို့တဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ နိုင်ငံရေးလက်ထောက် အဘတ်စ်အရက်ချီရဲ့ စာမှာ အီရန်အနေနဲ့ ယူရေနီယံကို ၆၀ ရာခိုင်နှုန်း သန့်စင်ထုတ်လုပ်သွားမယ်ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်”လို့ တိကျတဲ့ အချိန်ကာလ မဖော်ပြဘဲ IRNA သတင်းဌာနက ကြေညာခဲ့တာပါ။ 

ခုလို အီရန်ရဲ့ လုပ်ဆောင်မှုဟာ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ချုပ်ဆိုထားတဲ့ ကတိကဝတ်တွေကို ချိုးဖောက်ရာရောက်ပြီး ယူရေနီယံကို စစ်ရေးအသုံးပြုမှုအတွက် သတ်မှတ်စံနှုန်း ၉၀ ရာခိုင်နှုန်းနဲ့ ပိုပြီး နီးစပ်လာတော့မှာ ဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ်က ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီချက်အရ အီရန်ဟာ ယူရေနီယံကို အများဆုံး ၃ ဒသမ ၆၇ ရာခိုင်နှုန်းသာ သန့်စင်ထုတ်လုပ်ခွင့် ပြုထားတာ ဖြစ်ပါတယ်။ 

ဇန်နဝါရီလကစလို့ အီရန်ဟာ ယူရေနီယံ ၂၀ ရာခိုင်နှုန်းအထိ သန့်စင်ထုတ်လုပ်ထားပြီးလည်း ဖြစ်ပါတယ်။ 

နာတန်ဇ် နျူကလီးယား စက်ရုံကို တနင်္ဂနွေနေ့က တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတာတွေမှာ အစားထိုးပြီး ရှိဆဲ စက်ယန္တရားတွေရဲ့ စွမ်းဆောင်ရည်ကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်ခြင်းနဲ့အတူ စက်ဒလက်ပေါင်း ၁၀၀၀ ထပ်ဖြည့်တပ်ဆင်သွားမှာလည်း ဖြစ်တယ်လို့ IRNA က ဖော်ပြခဲ့ပါတယ်။ 

အီရန်ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့ PressTV သတင်းအရ ယူရေနီယံ သန့်စင်ထုတ်လုပ်မှု တိုးမြှင့်တာကို ဗုဒ္ဓဟူးနေ့မှာ စတင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

နာတန်ဇ် ယူရေနီယံ သန့်စင်စက်ရုံကို အဖျက်အမှောင့်လုပ်ကာ တိုက်ခိုက်ခဲ့တာအတွက် အီရန်ဟာ ရန်ဖက်နိုင်ငံ အစ္စရေးကို စွပ်စွဲပြီး လက်စားချေတုံ့ပြန်သွားမယ်လို့ စိတ်ပိုင်းဖြတ် ပြောဆိုသလို နိုင်ငံရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေကိုလည်း ချဲ့ထွင်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly