တရုတ်ကို ဝေဖန်တဲ့ ဟောင်ကောင်သတင်းစာ ပုံနှိပ်တိုက်ကို လူတစ်စုက ၀င်ရောက်ဖျက်ဆီး

တရုတ်ကို ဝေဖန်တဲ့ ဟောင်ကောင်သတင်းစာ ပုံနှိပ်တိုက်ကို လူတစ်စုက ၀င်ရောက်ဖျက်ဆီး
Photo - AFP

ဧပြီ ၁၃

ပေကျင်းအပေါ် ဝေဖန်ရေးသားဖော်ပြတဲ့ ဟောင်ကောင်သတင်းစာတစ်စောင်ရဲ့ ပုံနှိပ်တိုက် စာပုံနှိပ်စက်တွေကို လက်ကိုင်ရိုးအရှည်တပ် တူတွေ ကိုင်ဆောင်ထားတဲ့ နှာခေါင်းစည်းတပ် လူတစ်စုက ၀င်ရောက် မွှေနှောက်ဖျက်ဆီးသွားခဲ့ကြောင်း အဆိုပါ သတင်းစာ တာ၀န်ရှိသူတွေက ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။

Epoch Times သတင်းစာအပေါ် ယခု တိုက်ခိုက်မှုကို စီစီတီဗွီမှာ ဖမ်းယူမိထားခဲ့ပါတယ်။ တရုတ်အာဏာပိုင်တို့ဘက်က ဟောင်ကောင်မှာ ရှိတဲ့ ယင်းအပေါ် ဝေဖန်သူတွေအပေါ် ဖြိုခွင်းနှိမ်နင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေချိန်မှာပဲ ယခု ဖြစ်စဉ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါသတင်းစာက ထုတ်လွှင့်ဖော်ပြခဲ့တဲ့ ဗီဒီယိုရုပ်သံတစ်ခုထဲမှာတော့ နှာခေါင်းစည်းတပ် အမျိုးသားလေးဦးဟာ ဧပြီ ၁၂ ရက် မနက်အစောပိုင်းမှာ စာပုံနှိပ်စက်အလုပ်ရုံထဲ ၀င်ရောက်လာခဲ့ကြပြီး စက်တွေကို ရိုက်ခွဲထုနှက် ဖျက်ဆီးခဲ့တာကို ပြသခဲ့ပါတယ်။

၎င်းတို့ဟာ ကွန်ကရစ် အပိုင်းအစတွေကို စက်ယန္တရားထဲ ပစ်ပေါက်နေတာကိုပါ မြင်တွေ့ခဲ့ရသလို ယင်းအချိန်မှာ အမျိုးသမီး၀န်ထမ်းတွေ အထိတ်တလန့်နဲ့ ရပ်ကြည့်နေခဲ့ကြရပါတယ်။

အဆိုပါ လူစုဟာ အထဲမှာရှိသူတွေကိုပါ အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့ Epoch Times သတင်းစာက ပြောပါတယ်။

“အကြမ်းဖက် ပြစ်မှုကျူးလွန်ပြီး ထိခိုက်ပျက်စီးစေမှု ဖြစ်စဉ်တစ်ခုလုံးက အချိန်တိုအတွင်း ဖြစ်ခဲ့တာပါ၊ ဒီဖြစ်စဥ်က နှစ်မိနစ်လောက်မှာပဲ ပြီးသွားခဲ့ပါတယ်” ဟု သတင်းစာက ရေးသားပါတယ်။ ဒါ့အပြင် အဓိက ပုံနှိပ်စက်တစ်ခု ကြီးကြီးမားမား ပျက်စီးသွားခဲ့တယ်လို့လည်း ယင်းက ရေးသားခဲ့ပါတယ်။

ယင်းနောက်ပိုင်း ဟောင်ကောင် ရဲတပ်ဖွဲ့ကလည်း ယင်း၏ အထူးအဖွဲ့တစ်ခုဟာ ဒီဖြစ်စဥ်ကို ကိုင်တွယ်စစ်ဆေးနေကြောင်း အတည်ပြုခဲ့ပြီး လက်ရှိအချိန်အထိတော့ ဖမ်းဆီးမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ သိရပါတယ်။

The Epoch Times သတင်းစာကတော့ တရုတ်ပြည်မကြီးမှာ ပိတ်ပင်တားမြစ်ထားတဲ့ ဖလွန်ဂေါင်း ဘာသာရေးလှုပ်ရှားမှုနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly