ပါကစ္စတန်၏ ခီဘာ ပက်သွန်ခဝါတွင် သတင်းထောက် သေနတ်ဖြင့် ပစ်သတ်ခံရ

By Zee 5
13 April 2021
ပါကစ္စတန်၏ ခီဘာ ပက်သွန်ခဝါတွင် သတင်းထောက် သေနတ်ဖြင့် ပစ်သတ်ခံရ

ဧပြီ ၁၃

ပါကစ္စတန်နိုင်ငံ၊ ခီဘာ ပက်သွန်ခဝါ ပြည်နယ်၏ ကာရက်ခရိုင်၌ ဧပြီလ ၁၀ရက် ညနေပိုင်းတွင်  အမည်မဖော်နိုင်သောလူများက သတင်းထောက်တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ 

အဆိုပါဖြစ်ရပ်သည် ကာရက်ရဲစခန်း၏ တရားစီရင်ပိုင်ခွင့်အတွင်းရှိ ဘာတနီခယ် ဒေသတွင်ဖြစ်ပွားခဲ့သည်။ အသတ်ခံရသူမှာ ဒေသခံသတင်းစာ Sada-e-lawaghir ၏ ပူးတွဲအယ်ဒီတာ ဝါဆင်အလမ် ဖြစ်ကြောင်း Dawn သတင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။ 

ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် စာနယ်ဇင်းသမားများအတွက် အန္တရာယ်အရှိဆုံးနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ အသတ်ခံရသူ၏ မိခင်ကိုယ်စားမှတ်ပုံတင်ထားသော ပထမဆုံးသတင်းအချက် အလက်အစီရင်ခံစာ (FIR) အရ အလမ်သည် သူ၏ မော်တော်ဆိုင်ကယ်ဖြင့် အိမ်သို့ပြန်စဉ် ဘာတနီခယ် အစိုးရကျောင်းအနီးတွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။ ဆေးရုံသို့ အလျင်အမြန်ရောက်ရှိလာသော်လည်း၊ ရောက်ရှိချိန်တွင် သေဆုံးသွားခဲ့သည်။

ခါရက် ရဲစခန်းမှ အရာရှိတစ်ဦးက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ပြီး သံသယရှိသူများထဲမှ တစ်ယောက်မှာ အသတ်ခံရသူ၏ ဖခင်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့သည်။

 “ သူ့အဖေက ဆေးရုံမှာမရှိဘူး။ အသုဘကိုလဲ မတက်ရောက်ခဲ့ဘူး” ဟု Dawn  က အရာရှိ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ ဖခင်ဖြစ်သူမှာ မိသားစုနှင့်မနေဘဲ ဆွေမျိုးများနှင့် အတူ နေထိုင်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဟု တာဝန်ရှိသူက ပြောကြားခဲ့သည်။ သို့သော် ဂျာနယ်လစ်၏မိခင်က ပထမဆုံးသတင်းအချက် အလက်အစီရင်ခံစာတွင် မည်သူကို သံသယရှိကြောင်းကို မဖော်ပြခဲ့ပေ။ 

 “သတင်းကိစ္စကြောင့် သတင်းစာဆရာ သတ်ဖြတ်ခံရတာဆိုတဲ့ သဲလွန်စကို အခုထိမတွေ့ရသေးပါဘူး” ဟု အဆိုပါအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က သတင်းလိုက်ရင်း အနည်းဆုံးသတင်းသမား (၁၀) ဦး အသတ်ခံခဲ့ရပြီး၊ အများအပြားလည်း အမှုဆင်ကာ ခြိမ်းခြောက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ နှိပ်စက်ခြင်းနှင့် အဖမ်းအဆီးခံခဲ့ရကြောင်း Dawn က ၂၀၂၀ ပါကစ္စတန် သတင်းစာအယ်ဒီတာများ (CPNE) ၏ မီဒီယာလွတ်လပ်ခွင့် အစီရင်ခံစာ  ကို ကိုးကား၍ တင်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly