ဖက်ဒရယ်ခြေလှမ်း မြန်မြန်သာ လှမ်း..."စခန်း သိမ်းမယ်"

By ထွဏ်းမောင်
04 April 2021
ဖက်ဒရယ်ခြေလှမ်း မြန်မြန်သာ လှမ်း..."စခန်း သိမ်းမယ်"
၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်တွင်ရန်ကုန်တောင်ဥက္ကလာပမြို့နယ်မှစစ်တပ်အာဏာသိမ်းမှု ကိုဆန့်ကျင်ဆန္ဒပြသူများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမိတ္တူများကိုမီးရှို့နေပုံ ( Photo - AFP)

ဧပြီ  ၄

ဖက်ဒရယ်ပြည်ထောင်စုစခန်းကို မြန်းဖို့ ပထမဆုံး ခြေလှမ်းကို စလိုက်ပြီ။ မအလစစ်အုပ်စုရဲ့ တပ်စခန်းသိမ်းဖို့နဲ့ နွေဦးအောင်လံ စိုက်ဖို့ပဲ ကျန်ပါတော့တယ်။

မအလစစ်အုပ်စု ခံတပ်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းပြီဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲ လူထု Mandate နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH က မတ်လ ၃၁ ရက် ညပိုင်းမှာ ကြေညာလိုက်ပါပြီ။ ဒါဟာ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ့် ပထမဆုံး ခြေလှမ်းပါပဲ။

နိုင်ငံကို အာဏာသိမ်းပြီးနောက်မှာ မအလစစ်အုပ်စု ပြုတ်ကျဖို့အတွက် ဒေါက်တိုင် သုံးရပ်၊ လေးရပ် စသဖြင့် သုံးသပ်မှုတွေ ရှိပါတယ်။ ကျနော့်အမြင်ကတော့ ဒေါက်တိုင်လေးရပ်နဲ့ စစ်အုပ်စုပြုတ်ကျရေးကို သွားနေတာပါ။ လမ်းပေါ်က ဆန္ဒပြလူထု၊ ပြည်သူ့ဝန်ထမ်း (CDM ဝင်သူတွေ)၊ လူထု Mandate ပေးထားတဲ့ CRPH နဲ့ တိုင်းရင်းသားပါတီ/တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ - EAOsတွေ ဖြစ်ပါတယ်။

လတ်တလောမှာ လမ်းပေါ်တက်လူထုနဲ့ ပြည်သူ့ဝန်ထမ်း ဒေါက်တိုင်တွေဟာ စစ်အုပ်စုရဲ့ အာဏာမရရေးနဲ့ ယန္တရားမှန်သမျှ ရပ်တန့် နေရေးအတွက် အကောင်းဆုံး လုပ်ထားနိုင်တဲ့သူတွေပါ။ တစ်ဖက်မှာ CRPH ဘက်ကလည်း အထ နှေး အကြွေ လေးတယ်ဆိုပေမယ့် နိုင်ငံတကာမျက်နှာစာမှာ အသာစီးရထားပါတယ်။ ထို့နည်းတူ တိုင်းရင်းသားပါတီနဲ့ EAOs တွေဘက်မှာလည်း မအလစစ်အုပ်စု ဇာတ်သိမ်းရးအတွက် လုပ်ဆောင်နေကြတာ ရှိပါတယ်။ နိုင်ငံရေးနည်းလမ်းအရရော၊ လက်နက်ကိုင်ထိုးစစ်တွေ အစရှိသဖြင့်ပါ။

CRPH နဲ့ တိုင်းရင်းသားအစုအဖွဲ့တွေကြားမှာ အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ခြေ/ဥ နဲ့ ပတ်သက်တဲ့ မကျေလည်မှုတွေ ရှိခဲ့ဖူးပါတယ်။ ခြေ/ဥ က ပေးထားတဲ့ အကန့်အသတ်နဲ့သာ လုပ်ခွင့်ရတဲ့ နိုင်ငံရေးအနေအထားမှာ ဖက်ဒရယ်ပြည်ထောင်စုအရေးဟာ ခေါင်းပြူကြည့်လို့တောင် မရခဲ့ပါဘူး။ အထူးသဖြင့် အုပ်ချုပ်ခွင့်အာဏာကို ရထားတဲ့ NLD အစိုးရထက် တိုင်းရင်းသားအစုအဖွဲ့တွေမှာ ပိုပြီးတော့ လုပ်ကိုင်နိုင်ခွင့်ဘောင် ကျဉ်းခဲ့ပါတယ်။ ဒီအခြေအနေကို စဝါးမိတဲ့ မင်းအောင်လှိုင်စစ်အုပ်စုကလည်း အာဏာသိမ်းပြီးနောက်မှာ NLD နဲ့ အစေးမကပ်သလို ဖြစ်နေတဲ့ တိုင်းရင်းသားအစုအဖွဲ့တချို့ကို အောက်စျေးပေးစည်းရုံး၊ ကဖျက်ယဖျက် လုပ်ဖို့ NLD ပါတီဝင်ဟောင်းနဲ့ ဖွဲ့စည်းထားတဲ့ ဖျက်မြင်းပါတီတွေကို စုစည်းပြီး အစိုးရဖွဲ့ဖို့ လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အတွင်းသတင်းတွေ အရ အောက်စျေးနှိုက်ခံရတဲ့ တိုင်းရင်းသားပါတီတချို့တောင် နစခကောင်စီမှာ ပါဖို့အတွက် တောင်းဆိုထားတဲ့အချက်တိုင်းကို မအလစစ်တပ်က မပေးတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ကုန်ပါတယ်။

မင်းအောင်လှိုင်စစ်အုပ်စု အာဏာသိမ်းပြီးနောက် လူထု Mandate ရထားတဲ့ CRPH ဘက်မှာ တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ ညှိနှိုင်းမှု မှာ မကျေလည်မှု ရှိခဲ့တာလည်း ဒီ ၂၀၀၈ ခြေ/ဥ ပျက်ပြီဖြစ်ကြောင်းက အဓိက အကြောင်းအရင်းပါပဲ။ CRPH ဘက်မှာလည်း ခြေ/ဥ ကတဆင့် ရွေးကောက်ပွဲဥပဒေအရ ရထားတဲ့ Mandate ကို ကိုင်စွဲရမလား၊ လူထုက တခဲနက်ပေးထားတဲ့ Mandate ကို ကိုင်စွဲရမလား ဆိုတဲ့ ပြဿနာနဲ့တင် "အထနှေး အကြွ လေး" ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုတော့ ဒီပြဿနာက ရှင်းသွားပါပြီ။ CRPH က လူထု Mandate ကို ကိုင်စွဲလိုက်ပြီ ဖြစ်သလို တိုင်းရင်းသားနိုင်ငံရေးအစုအဖွဲ့တိုင်းက လိုချင်တောင့်တတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပျက်သိမ်းပြီဆိုတာကို တရားဝင်ကြေညာပြီး စစ်အုပ်စု ကိုင်ချင်တဲ့ သွေးခွဲလက်နက်ကို ချိုးချေလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းဖို့ ပထမဆုံးခြေလှမ်းပဲ ဖြစ်ပါတယ်။

နောက်အဆင့်တွေအတွက်လည်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကလည်း ပေါ်ထွန်းနေသလို နောက်ထပ် ဆက်လှမ်းရမယ့်ခြေလှမ်း နှစ်ရပ်ကို ခပ်သွပ်သွပ်လှမ်းဖို့ပဲ လိုပါတော့တယ်။ နောက်ခြေလှမ်းနှစ်ရပ်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပြည်သူ့အစိုးရပေါ်ထွန်းရေးတို့ပဲ ရှိပါတော့တယ်။ ဒီပဋိညာဉ်လည်း ပေါ်ပေါက်ခဲ့ပြီလို့လည်း CRPH က ကြေညာထားပြီး ဖြစ်ပါတယ်။ ပြည်မအခြေစိုက် ဒီမိုကရက်တစ် အင်အားစုနဲ့ တိုင်းရင်းသား ဒီမိုကရက်တစ် အင်အားစုတွေ ပေါင်းစည်းကုန်ပါပြီ။

တစ်ဖက်မှာ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အာဏာသိမ်း အုပ်စုဟာ တပ်ပျက်နေပါပြီ။ နိုင်ငံတကာ မျက်နှာစာမှာ ထိုးနှက်ခံနေရ သလို ပြည်တွင်းမှာလည်း နေရာစုံ၊ ပုံစံစုံနဲ့ တော်လှန်ခံနေရပါပြီ။ အာဏာသိမ်းတာကို တရားဝင်ဖြစ်သယောင်ယောင်လုပ်ဖို့ ၂၀၀၈ ခြေ/ဥကို အသေအကြေ ကာကွယ်ဖို့ လုပ်လာပါတော့တယ်။ ၂၀၀၈ ခြေ/ဥ တည်မြဲရေးဟာ သူတို့ရဲ့ နောက်ဆုံးခံတပ် ဖြစ်လာပါတော့မယ်။

ခံတပ်ပျက်ပြီဖြစ်လို့ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ နောက်ဆုံးစခန်းကို သိမ်းဖို့ပဲ ကျန်ပါတော့တယ်။ စခန်းသိမ်းဖို့ဆိုရင် ဖက်ဒရယ်ဒီမိုက ရေစီပဋိညာဉ်ပါ အချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ကြဖို့ပါ။ မြန်မြန် အကောင်အထည်ဖော်နိုင်ရေ သူတို့ တပ်စခန်း မြန်မြန်ကျလေပါပဲ။

ဒေါက်တိုင်လေးရပ် ပေါင်းစုစည်းနေပြီဖြစ်လို့ ဘက်ပေါင်းစုံက ပြိုင်တူတွန်းကြရင် မင်းအောင်လှိုင်တပ်စခန်း ဇာတ်သိမ်းခန်း ရောက်ဖို့မဝေးတော့ပါကြောင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly