ရှင်ကျန်းဒေသတွင် တရုတ်၏ အကြမ်းဖက်မှုများကို “လူမျိုးတုန်းသတ်ဖြတ်မှု” ဟု အမေရိကန် လူ့အခွင့်အရေးအစီရင်ခံစာတွင် ဖော်ပြ

ရှင်ကျန်းဒေသတွင် တရုတ်၏ အကြမ်းဖက်မှုများကို “လူမျိုးတုန်းသတ်ဖြတ်မှု” ဟု အမေရိကန် လူ့အခွင့်အရေးအစီရင်ခံစာတွင် ဖော်ပြ

ဧပြီ  ၃
 
အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ၂၀၂၀ လူ့အခွင့်အရေး အစီရင်ခံစာက ပထမဆုံးအကြိမ်အဖြစ် ရှင်ကျန်းဒေသ၌ တရုတ်၏ အကြမ်းဖက်မှုများကို “လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ” အဖြစ် အမျိုးအစား သတ်မှတ်ခဲ့သည်။ ဝီဂါ မွတ်ဆလင် လူနည်းစုအပေါ် ပေကျင်း၏ ပြုမူဆက်ဆံမှုနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများသည် ဆက်လက် မြင့်တက်နေသည်။

“ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အလားအလာ မျဥ်းတွေဟာ မှားယွင်းတဲ့ ဦးတည်ရာလမ်းကြောင်းအတိုင်း ဆက်ရွေ့နေတာကို ပြသနေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။   

 “၂၀၂၀ ခုနှစ်အတွင်းမှာ လူအများအပြားဟာ လူမဆန်တဲ့ အခြေအနေတွေအောက်မှာ ဆက်လက် တွေ့ကြုံခံစားထားခဲ့ရပါတယ်” ဟု လူ့အခွင့်အရေး ကျင့်သုံးလုပ်ဆောင်မှုများဆိုင်ရာ ၄၅ ခုမြောက် နှစ်ပတ်လည် နိုင်ငံအစီရင်ခံစာတွင် ဖတ်ရှုရသည်။ “တရုတ်နိုင်ငံမှာ အစိုးရအာဏာပိုင်တွေဟာ မွတ်ဆလင်တွေဖြစ်တဲ့ ဝီဂါတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ပါတယ်၊ အကျဉ်းချမှု၊ နှိပ်စက်ညှင်းပန်းမှု၊ အတင်းအကျပ် သားကြောဖြတ်မှု အပါအ၀င် လူသားတို့အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကိုလည်း ကျူးလွန်ခဲ့ပါတယ်၊ နောက်ပြီး ၀ီဂါတွေနဲ့အခြား ဘာသာရေးနဲ့ မျိုးနွယ်စု လူနည်းစုတွေအပေါ်မှာ ဖိစီးနှိပ်စက်မှုတွေ လုပ်ထားခဲ့ပါတယ်”

အဆိုပါ အစီရင်ခံစာသည် နိုင်ငံပေါင်း ၂၀၀ နီးပါးကို လွှမ်းခြုံပြီး ဥပဒေအရ ယင်းကို ကွန်ဂရက်သို့ နှစ်စဉ် တင်ပြမှုလုပ်ရန်လည်း လိုအပ်သည်။ ယခုနှစ်မတိုင်ခင်အထိ အစီရင်ခံစာတွင် ရှင်ကျန်းဒေသ၌ “အစုအပြုံလိုက် ထိန်းသိမ်းခြင်း” နှင့် “အကြွင်းမဲ့ အာဏာရှင်ဆန်ဆန် သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်လျက် သတ်ဖြတ်ခြင်းများ” အဖြစ်သာရည်ညွှန်းထားခဲ့သည်။

 “ဒီလို တစ်နှစ်တစ်ကြိမ် ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာတွေက အင်မတန် အရေးကြီးပါတယ်၊ ဒါပေမယ့်တကယ်တမ်းမှာက ဒါတွေနဲ့တင် မလုံလောက်ပါဘူး” ဟု ဘလင့်ကန်က ပြောသည်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာ အပါအ၀င် “နှိပ်စက်ညှင်းပန်းမှုတွေကို တားဆီးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တာ၀န်ခံခိုင်းဖို့အတွက် များစွာသော အခြားနည်းလမ်းတွေ ကျွန်တော်တို့ အသုံးပြုလုပ်ဆောင်ပါမယ်” ဟု ၎င်းက ပြောသည်။

များမကြာမီ မတ်လ ၂၂ ရက်နေ့တွင် အမေရိကန်ဘဏ္ဍာရေး၀န်ကြီးဌာနက ရှင်ကျန်းနှင့် ဆက်နွယ်ပတ်သက်သည့်တရုတ်အရာရှိနှစ်ဦးအပေါ် အရေးယူဒဏ်ခတ်မှု လုပ်ဆောင်ခဲ့သည်။ ယင်းနောက် ပါးကိုက်လျင် နားကိုက်သောလက်တုံ့ပြန်မှုအဖြစ် ပေကျင်းဘက်ကလည်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်၏ ကော်မရှင်အဖွဲ့၀င်နှစ်ဦးကို အရေးယူဒဏ်ခတ်မှုများ ချမှတ်ခဲ့သည်။

ပေကျင်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမည်ခံဒေသတွင် လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့် အစိုးရက ဇန်နဝါရီလ ၁၉ ရက်တွင် စိစစ်တွက်ချက် ဆုံးဖြတ်ခဲ့သည်။ ဘိုင်ဒင် ကမ်ပိန်းအဖွဲ့ကလည်း ရှင်ကျန်းဒေသ၌ တရုတ်တို့၏ လုပ်ဆောင်ချက်များကို “လူမျိုးတုန်းသတ်ဖြတ်မှု”အဖြစ် အစောဆုံး သြဂုတ်လကတည်းက ရည်ညွှန်းသတ်မှတ်ထားခဲ့သည်။

၂၀၂၀ ပြည့်နှစ်ကိုသာ ဖော်ပြထားသည့် ထိုအစီရင်ခံစာတွင် ဟောင်ကောင်ရှိ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုအပေါ် တရုတ်၏ ဖြိုခွင်းနှိမ်နင်းမှုကို ဝေဖန်ပြစ်တင်ထားသလို ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး စောစီးစွာ သတင်းဖွင့်ချ သတိပေးခဲ့သူ ဒေါက်တာ လီ၀န်လျန်ကို ရေငုံနှုတ်ပိတ်နေစေခြင်း အပါအ၀င် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိမှုအတွက်လည်း ဝေဖန်ထားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင့်ကန်၊ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်တို့နှင့် တရုတ်ထိပ်တန်းသံတမန်များဖြစ်ကြသော ယန်ကျဲ့ချီနှင့် ၀မ်ယီတို့အကြား တွေ့ဆုံခဲ့သည့် အစည်းအဝေးတစ်ခုအပြီး နှစ်ပတ်သာသာခန့်အကြာ ယခုအစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အလက်စကာတွင် ကျင်းပခဲ့သည့် ထိုအစည်းအဝေးတွင် ယန်က တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်သည့် အမေရိကန်၏ ပြောဆိုချက်များကို လက်မခံဘဲ တုံ့ပြန်ပယ်ချခဲ့ပြီး ဝါရှင်တန်အနေဖြင့် ပေကျင်းအပေါ် ဝေဖန်နိုင်သည့် အနေအထားတွင်ရှိမနေဟု ပြောခဲ့သည်။

ပြီးခဲ့သည့်အပတ်က တရုတ်သည် အမေရိကန်နှင့်ပတ်သက်ပြီး ယင်း၏  တစ်နှစ်တာလူ့အခွင့်အရေး အစီရင်ခံစာတစ်ရပ်ကို ထုတ်ဖော်ခဲ့သည်။ ယင်းအစီရင်ခံစာထဲတွင် စနစ်တကျ လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်မှုနှင့် လူပေါင်းသန်း၀က်ကျော်ကို အသက်ဆုံးရှုံးစေခဲ့သည့် ကပ်ရောဂါအပေါ် အစိုးရ၏မှားယွင်းညံ့ဖျင်းစွာ စီမံခန့်ခွဲမှု အပါအ၀င် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ယင်း၏ ရန်ဘက် ဝါရှင်တန်၏ မှတ်တမ်းများအပေါ် အပြင်းအထန် ဝေဖန်ခဲ့သည်။

လုပ်သားများအား အတင်းအကျပ်ခိုင်းစေမှုများကြောင့် ရှင်းကျန်းဒေသမှ ချည်ထုတ်ကုန်များကို  ဆန့်ကျင်သဘောထား ထုတ်ခဲ့သည့် အနောက်အုပ်စု အမှတ်တံဆိပ်လုပ်ငန်းများ (Nike နှင့် New Balance ကဲ့သို့ အမေရိကန်ကုမ္ပဏီများ အပါအ၀င်) အပေါ် တရုတ် သုံးစွဲသူ (consumer) များဘက်မှ ဆန့်ကျင်သပိတ်မှောက်မှု ကြီးထွားလာခဲ့သည့် အခြေအနေလည်း ပြီးခဲ့သည့် အပတ်က ဖြစ်ပေါ်ထားခဲ့သည်။

ဘလင့်ကန်က ပြောကြားရာတွင် “ကျွန်တော်တို့ နှစ်စဥ်နှစ်တိုင်း လုပ်မြဲဖြစ်တဲ့အတိုင်း နိုင်ငံအချို့ရဲ့ တင်ပြချက်တွေကို နားထောင်သွားပါမယ်၊ သူတို့ကို ဝေဖန်နိုင်ခွင့် ကျွန်တော်တို့မှာ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ စနစ်တကျလူမျိုးရေးခွဲခြားမှုလိုမျိုး အလွန်လေးနက်တဲ့ သာတူညီမျှမှုမရှိတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စိန်ခေါ်မှုတွေ ရှိနေလို့ ဖြစ်ပါတယ်” ဟု ပြောသွားခဲ့သည်။

သို့သော် မတူညီကွာခြားချက်က အမေရိကန်သည် ထိုသို့သောပြဿနာရပ်များကို ခိုးကြောင်ခိုးဝှက် ဖုံးကွယ်ဖြေရှင်းနေမည့်အစား ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖြေရှင်းနေကြောင်း အမေရိကန် ထိပ်တန်းသံတမန်က ပြောသွားခဲ့သည်။
 “တကယ်တမ်းကျတော့ ဒီအချက်ဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနိုင်ငံကို အာဏာရှင်ဆန်တဲ့ နိုင်ငံတွေနဲ့ သီးခြားကွာခြားသွားစေတဲ့ အချက်ပဲ ဖြစ်ပါတယ်” ဟု ဘလင့်ကန်က ပြောခဲ့သည်။

ပေကျင်း၏ လူ့အခွင့်အရေး မှတ်တမ်းများကို ဝေဖန်ခြင်းအားဖြင့် ဝါရှင်တန်အနေဖြင့် တရုတ်ကို ထိန်းချုပ်ဟန့်တားရန် သို့မဟုတ် ဖိနှိပ်ထားရန် ကြိုးပမ်းနေခြင်း မဟုတ်ဟု နိုင်ငံခြား‌ရေး၀န်ကြီးက ပြောဆိုသွားခဲ့သည်။

 “ကျွန်တော်တို့ ရပ်တည်ပေးနေတာတွေကတော့ အခြေခံ သဘောတရားမူတွေ၊ အခြေခံအခွင့်အရေးတွေနဲ့ ကမ္ဘာတ၀န်းက နိုင်ငံတွေမှာ အရမ်းအရမ်းကို ကောင်းကောင်း အသုံးတော်ခံထားတဲ့ စည်းမျဉ်း အခြေပြု နိုင်ငံတကာစနစ်တစ်ခုအတွက် ရပ်တည်ပေးနေတာဖြစ်ပါတယ်” ဟု ဘလင့်ကန်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required