ရန် ငါ ပြတ်ပြီးသားမို့၊ မင်းအောင်လှိုင်တပ် ဇာတ်သိမ်းခန်း … မကြာမီ လာမည်....

By ထွန်းတောက်နေ
01 April 2021
ရန် ငါ ပြတ်ပြီးသားမို့၊ မင်းအောင်လှိုင်တပ် ဇာတ်သိမ်းခန်း … မကြာမီ လာမည်....
Photo - AFP

ဧပြီ ၁

ဗိုလ်အောင်ဆန်း ခေါင်းဆောင်တဲ့ ရဲဘော်သုံးကျိပ်က စလို့ ဗိုလ်နေဝင်း လက်ထက် အလယ်၊ နောက်ဆုံး မင်းအောင်လှိုင်လက်ထက် အဆုံး တပ်မတော်က နွေဦးတောလှန်ရေးနဲ့အတူ ကျဆုံးလေပြီ။

သန္ဓေကောင်းနဲ့ ရဲဘော်သုံးကျိပ်နဲ့ စခဲ့တဲ့ တပ်မတော်ဟာ ၁၉၈၈ ပြည်သူ့အရေးအခင်းကာလ ဗိုလ်နေဝင်း စစ်အုပ်စုရဲ့ လက်သုံးတော်ခံ ဖြစ်ကတည်းက ပျက်စီးနေပြီဖြစ်ပါတယ်။ ပျက်တာကမှ အဘက်ဘက်ကနေ ပျက်ခဲ့တာပါ။ ဒါကြောင့် တပ်မတော်မှာ ပါဝင်သူတွေဟာ ကိုယ်တိုင် စီးပွားရှာ၊ ကိုယ်ပိုင်အသိုင်းအဝန်း ဖွဲ့ပြီး နေထိုင်ခဲ့ရတဲ့အထိ လူတော မတိုးခဲ့တဲ့သူတွေပါ။ ပြည်သူတကာထက်ကို တိုင်းပြည်ကို ချစ်သယောင်၊ ဘာသာနဲ့ လူမျိုးကို ကာကွယ်သယောင်ယောင်နဲ့ ယောင်ခြောက်ဆယ်လုပ်ပြပြီး ကိုယ့်အစုအဖွဲ့ အာဏာ တည်ရေးကို စိုက်လိုက်မတ်တပ် လုပ်နေခဲ့ရတာပါ။

လူတော မတိုးတဲ့ တပ်မတော်က ၂၀၁၈ မှာတော့ အခြေခံဥပဒေကို ပြဋ္ဌာန်း၊ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ပြီး ထွက်လမ်းကို ရှာခဲ့ကြတာ မှတ်မိမှာပါ။ ၂၀၁၀ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရဆိုတာလည်း ဘောင်းဘီချွတ် စစ်အုပ်စုတွေနဲ့ စုဖွဲ့ထားသလို လွှတ်တော်ဘက်မှာလည်း စစ်ဘောင်းချွတ် ကြံ့ဖွတ်ပါတီအုပ်စုက နေရာအများစု ယူထားသလို စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း တပ်က ဗြောင်တင်းတင်းနဲ့ ရယူထားခဲ့ပါတယ်။

ဗိုလ်သိန်းစိန် ဦးဆောင်တဲ့ တပ်ထွက်အုပ်စု အစိုးရနဲ့ တပ်ဘက်က နေရာယူထားလို့လည်း ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစုတွေက အတုအယောင် ရွေးကောက်ပွဲကို မဝင်ခဲ့ကြသလို ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီ့နောက်ပိုင်း ပူးသတ်ရေးနဲ့ ပူးကပ်ရေးသမားတွေ ဂိုဏ်းကွဲ ကုန်ကြပါတော့တယ်။ မှန်ကန်တဲ့ အတွေးအခေါ်၊ အမြော်အမြင်ရှိသူတွေက ၂၀၀၈ ခြေ/ဥကို အသစ်ဆွဲဖို့ကို တစိုက်မတ်မတ် ပြောသ လို တချို့ကလည်း လွှတ်တော်တွင်းက ဝင်ပြင်ကြမယ်ဆိုတဲ့ ဝင်ပြင်လိုင်း လိုက်ခဲ့ပါတယ်။ ဒီထဲမှာ ၉၀ ရွေးကောက်ပွဲမှာ လူထုက တခဲနက်မဲပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လည်း ပါပါတယ်။

၂၀၁၂ ကြားဖြတ်နဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ NLD က ၉၀ ရလဒ်ကအတိုင်း မဲဆန္ဒနယ်အများစုမှာ အနိုင်ရခဲ့ပါတယ်။ ခြေ/ဥကန့်သတ်ချက်တွေက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် မပေးခဲ့တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံရာထူးနေရာ ဖန်တီးပြီး နိုင်ငံတော်အင်္ဂါစဉ်မှာ ဒုတိယအမြင့်ဆုံး ရာထူးနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မှု ပြုခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ တပ်တွင်းပြောင်းလဲရေးနဲ့ တစိုက်မတ်မတ် လုပ်ခဲ့ကြတာ သိကြမှာပါ။ တပ်နဲ့ ပတ်သက်လို့ ပြောရင်တောင် "ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်" ဆိုပြီး သုံးနှုန်းခဲ့တာပါ။ ဒီအသုံးအနှုန်းကို တပ်အုပ်စု နှိပ်စက်တာ ခံခဲ့ရဖူးသူတိုင်း၊ အထူးသဖြင့် တိုင်းရင်းသားတွေအတွက် နားခါးစရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှမ်းမိုးမှုက ကြီးမားနေ တာနဲ့ သူမရဲ့ စည်းရုံးသိမ်းသွင်းနိုင်စွမ်းကို ယုံကြည်ချင်စိတ်ကြောင့် နှုတ်ဆိတ်နေခဲ့တာဟာ အရှိတရားပါပဲ။ ဒါပေမဲ့ ဒီကနေ့ မင်းအောင်လှိုင်စစ်အုပ်စုက အာဏာသိမ်းပြလိုက်ပြီး သူမရဲ့ ကြိုးစားအားထုတ်မှုဟာ မထိရောက်ခဲ့ဘူးဆိုတာ သက်သေထူလိုက်ပါပြီ။

နွေဦးတော်လှန်ရေးနဲ့ မင်းအောင်လှိုင်စစ်တပ်

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုက ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းလိုက်တာနဲ့ မြန်မာ့နွေဦးတော်လှန်ရေးက ပေါက်ဖွားလာပါပြီ။ အာဏာသိမ်းလို့ ပေါက်ဖွားလာတာတော့ မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးဖြစ်ဖို့အတွက် အခြေခံကြောင်းအရင်းတွေက နဂိုကတည်းက နိုင်ငံတွင်းမှာ သန္ဓေတည်နေတာ ဖြစ်တယ်။

၂၀၀၈ ခြေ/ဥကို အကာအကွယ်ယူပြီး လွှတ်တော်မှာ ဝင်ထိုင်တာ၊ လက်နက်ကိုင်တပ်မှန်သမျှ မင်းအောင်လှိုင် လက်ထဲထားတာ၊ နိုင်ငံ့ကာကွယ် ရေးထက် လူအုပ်စုတစ်စု အကျိုးစီးပွားအတွက် ပြောင်ပြောင်တင်းတင်း စီးပွားရှာ ကာကွယ်နေတာ၊ တပ်က လုပ်သမျှ (လုံခြုံရေး၊ ကာကွယ်ရေးအပါအဝင် အသုံးစရိတ်လို ကိစ္စအထိ) ကို လူထုတင်တဲ့အစိုးရကတောင် မေးခွန်းထုတ်ခွင့် မရတာတွေက အလယ်၊ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် ထင်တိုင်းကြဲ သတ်ဖြတ်နေတာ အဆုံး၊ ဒါတွေကို တတိုင်းပြည်လုံးက မကြိုက်လှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ကြားစေ့ရေးလုပ်ငန်းစဉ် အလုပ်ဖြစ်လေမလားဆိုပြီး စောင့်ကြည့်နေရုံသာ။ ဒါကြောင့်လည်းရင်ကြားစေ့ရေးလမ်းကြောင်း လုံးဝမဖြစ်နိုင်တော့ဘူးဆိုတာနဲ့ နွေဦးတော်လှန်ရေးက ခေါင်းထောင်လာတော့တာပဲ ဖြစ်ပါတယ်။

အခု နွေဦးဟာ နိုင်ငံရေးသမား (ဝါ) ပါတီနိုင်ငံရေးကို အလေးထားသူတွေဘက်က စတင်တာ မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းတွေက တော်လှန်ရေးခေါင်းလောင်း စထိုးလိုက်တာလည်း ဖြစ်တယ်။ နွေဦးတော်လှန်ရေးကို "စစ်အာဏာရှင် အလိုမရှိ"၊ "၂၀၀၈ ခြေ/ဥ အပြီးတိုင်ဖျက်သိမ်းရေး"၊ "ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး" ဆိုတဲ့ တောင်းဆိုချက်တွေနဲ့ စတင်တာပါ။ ဒါဟာ နိုင်ငံရဲ့ အာဏာ သုံးရပ်စလုံးမှာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စု အလိုမရှိကြောင်းကို အတိအလင်း ကြေညာလိုက်တာပါ။ ရင်ကြားစေ့ရေး၊ စေ့စပ်ရေးတွေ အလိုမရှိတော့ဘူးဆိုတဲ့ ပြတ်သားတဲ့ လမ်းစဉ်ပါ။ ဒီ့ထက် ပိုပြတ်သားတာကတော့ "နိုင်ငံရေးမျက်နှာ စာမှာ စစ်တပ်ကို စေ့စပ်ညှိနှိုင်းတာ၊ ရင်ကြားစေ့တာ၊ နေရာပေးတာလုပ်ရင် နေရာပေးသူကိုပါ တော်လှန်ရမယ်" ဆိုတဲ့ လူငယ်မျိုးဆက်တွေရဲ့ နိုင်ငံ ရေးသံဓိဋ္ဌာန်ပဲ ဖြစ်ပါတယ်။

ရင်ကြားစေ့ရေးအတွက် သုံးနှုန်းခဲ့တဲ့ "ဖေဖေ တည်ထောင်ခဲ့သော တပ်မတော်" ကြီးကို နိဂုံးချုပ်ခိုင်းလိုက်ပါပြီ။ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်၊ တန်းတူညီမျှရေးအတွက် အာဏာကုန်သုံးပြီး လက်နက်စုံနဲ့ လူသတ်နေတဲ့ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ တပ်မတော်ကြီး လုံးဝဥဿုံ မရှိတော့ရေးကသာလျှင် လူတိုင်းရဲ့ လိုလားချက် ဖြစ်တယ်။ ကလေးတောင် မချန်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ပြည်သူတွေကို ပစ်ရင် ခေါင်းတည့်တည့်ပစ်ပြတယ်ဆိုတာကို တရားဝင်ထုတ်ပြောပြီး လက်တွေ့လည်း လုပ်ပြတဲ့ လူသတ်တပ်မတော် ပျက်သုန်းရေးကသာလျှင် နိုင်ငံ့အနာဂတ်အတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်ဆိုတာကို မီးမောင်းထိုး ကြုံးဝါးအော်ဟစ် တောင်းဆိုနေကြပါပြီ။

မြန်မာပြည်က လူအများစုဟာ နိုင်ငံတစ်ခုမှာ စစ်တပ်ရှိရမယ်ဆိုတဲ့ အချက်ကို လက်ခံထားပြီးသားပါ။ ပြည်သူကို ကာကွယ်တဲ့၊ စောင့် ရှောက်ပေးတဲ့ ပြည်သူ့တပ်မတော်ပါ။ တစ်နည်းအားဖြင့် တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ဖက်ဒရယ် (ဝါ) ပြည်ထောင်စုတပ်မတော်။ လုပ်ချင်တာ လုပ်ခွင့်ရနေတဲ့ လူသတ်တပ်မတော် မဟုတ်၊ လူအုပ်စုတစုကိုသာ ကာကွယ်ပေးတဲ့ တပ်မတော် မဟုတ်၊ ဥပဒေအထက် က တပ်မတော် မဟုတ်ဘူးဆိုတာကို နွေဦးတော်လှန်ရေးက ကြေညာထားပြီးပါပြီ။

လူထုက ယုံကြည်ကိုးစားရတဲ့ နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က "ဖေဖေ့ တည်ထောင်ခဲ့တဲ့ တပ်မတော်" လို့ သုံးနှုန်းပြပြီး ရင်ကြားစေ့ရေး လုပ်တာကို လက်မခံဘဲ နိုင်ငံရေးဂုတ်ခွစီးပြီး အာဏာရှင်တပ်ဖြစ်လိုတဲ့ မင်းအောင်လှိုင်စစ်အုပ်စု လက်သုံးတော်ခံ တပ်မတော်ဟာ ဇာတ်သိမ်းပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က ဇိကုတ်ကယ်ပေမယ့် ဖင်အေးတယ်ဆိုပြီး ချေးတွင်းခုန်ဆင်းတဲ့ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ နောက်ဆုံးထွက်သက်က ခပ်တည်းတည်းပဲ ကျန်ပါတော့တယ်။ နေရာစုံကနေ လူထုက လမ်းပေါ်တက် ဆန့်ကျင်နေသလို ပြည်သူ့ဝန်ထမ်းတွေကလည်း ယန္တရားမှန်သမျှ ရပ်တန့်ဖို့ CDM နဲ့ ထိန်းချုပ်ထားပါပြီ။ လူထု Mandate ရထားတဲ့ လွှတ်တော်အစုအဖွဲ့ CRPH ကလည်း တစ်ဆင့်ချင်း တစ်ရစ်ချင်းနဲ့ ဖိအားပေးသလို တိုင်းရင်းသားနိုင်င်ငံရေးနဲ့ လက်နက်ကိုင်အစုအ ဖွဲ့တွေကလည်း လူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြီးမို့လို့ မင်းအောင်လှိုင်စစ်အုပ်စု ထွက်သက်ငြိမ်းဖို့ အချိန်မကျန်တော့ပါ ဘူး။

ဘက်ပေါင်းစုံက တွန်းလှန်ခံနေရတဲ့ လူသတ်တပ်မတော်ဘက်ရဲ့ ဗြောက်သံဟာ မကြာခင် တိတ်ပြီး နွေဦးအောင်လံဟာ ဖက်ဒရယ်နိုင်ငံတော် အလံထိပ်ကို တလူလူ လွှင့်တော့မှာမို့ ကိုမင်းကိုနိုင် ပြောခဲ့သလို "အောင်စိတ်နဲ့ တိုက်တာမို့ အောင်ပွဲဆိုတာ လက်တကမ်းပဲ ဟေ့" လို့ ကြွေးကြော်လိုက်ကြစို့။

ထွန်းတောက်နေ

(စာရေးသူသည် ပြည်ပနှင့် ပြည်တွင်းသတင်းဌာနများတွင် သတင်းထောက်၊ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ကာ လက်ရှိတွင် ပြည်တွင်းသတင်းဌာနများ၌ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများ၊ သုံးသပ်ချက်နှင့် အတွေးအမြင်ဆောင်းပါးများ ရေးသားနေသူ တစ်ဦးဖြစ်သည်။ ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားသည့် လွတ်လပ်သော သတင်းသမားများ အင်အားစု - IJF တွင် ဦးဆောင်ပါဝင်နေသူလည်း ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required