မတ် ၃၀
မတ်လ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတစ်ခုတွင် လူ ၁၀ဝ ခန့်ကိုဖမ်းဆီးခဲ့ပြီးနောက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူများကို ထပ်မံဖမ်းဆီးမည်ဟု ကိုဗစ်-၁၉ ပျံ့နှံ့မှုတားဆီးရန်အတွက် လူစုဝေးမှုကို ကန့်သတ်ထားသော ဥပဒေတစ်ခုကို ကိုးကားကာ ထိုင်းရဲများက မတ်လ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ထောင်ကျခံနေရသော တက်ကြွလှုပ်ရှားသူများကို လွှတ်ပေးရန် တောင်းဆိုသည့် နောက်ထပ်ဆန္ဒပြပွဲတစ်ခုကို မတ်လ ၂၉ နေ့ မွန်းလွဲပိုင်းတွင်ပြုလုပ်ရန်စီစဉ်ထားပြီး နိုင်ငံရေးတွင် စစ်တပ်လွှမ်းမိုးမှုကို အဆုံးသတ်ရေးနှင့် သြဇာကြီးမားသောဘုရင်စနစ်၏ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုနေသည့် တက်ကြွလှုပ်ရှားသူများနှင့် နောက်ထပ် ထိပ်တိုက်တွေ့ရန် အလားအလာများနေသည်။
ဘန်ကောက်ရဲတပ်ဖွဲ့၏ လက်ထောက်အကြီးအကဲ ပီယာသာဝီချိုင်းက “ တရားဥပဒေ စိုးမိုးရေးအတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေကို အသင့်ပြင်ထားပါတယ်” ဟု ဆိုသည်။
အစိုးရအိမ်တော်ရှေ့တွင် မတ်လ ၂၈ နေ့က လူ ၉၉ ဦး အား ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကို တားဆီးရန်အတွက် လူထုစုဝေးမှုများကိုတားမြစ်သည့် ဥပဒေအရ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ပီယာ က ပြောသည်။
ကျောင်းသားအများစု ဦးဆောင်သည့် လှုပ်ရှားမှုက စစ်တပ်ကို အရပ်ဘက်နိုင်ငံရေးတွင် ပိုမိုခြေကုပ်ယူရန် ကြိုးပမ်းနေခြင်းကို ဆန့်ကျင်ဆန္ဒပြနေခြင်းဖြစ်ပြီး အထူးသဖြင့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် စစ်တပ်အကြီးအကဲဖြစ်ခဲ့စဉ် ၂၀၁၄ ခုနှစ်က အာဏာကိုသိမ်းယူခဲ့ခြင်း ဖြစ်သည်။
တက်ကြွလှုပ်ရှားသူများက ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲသည် ပရာယွတ် ၏အာဏာတည်မြဲရေးအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပရာယွတ်နှင့်သူ၏ ညွန့်ပေါင်းအစိုးရမဟာမိတ်များက မဲများသည် လွတ်လပ်၍ တရားမျှတသည်ဟု ပြောကြားခဲ့သည်။
မတ်လ ၂၉ က ဖမ်းဆီးမှုသည့် တရားဥပဒေကြောင်းအရဖြစ်ကြောင်း ပရာယွတ်က သတင်းထောက်များ ကိုပြောကြားခဲ့သည်။ “ ဥပဒေကိုကြည့်ရမယ်။ ကျွန်တော်က အရေးမယူဘူးဆိုရင် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်လိမ့်မယ်။ သတိပေးချက်တွေလည်း အများကြီးရှိနေပါတယ်” ဟု ပရာယွတ်က ဆိုသည်။
ယခင် လများအတွင်းပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများတွင် ဒါဇင်နှင့်ချီသောလူများစွာကို ရောဂါထိန်းချုပ်ရေးနှင့် ပြည်သူ့အမိန့်ဥပဒေများအရ ထိန်းသိမ်းခဲ့သော်လည်း မတ်လ ၂၈ ရက် ဆန္ဒပြပွဲတွင် တစ်ကြိမ်တည်း၌ လူအရေအတွက် အများဆုံးဖမ်းဆီးသည့် ဖြစ်စဉ်များတွင် ပါဝင်သည်။
ယခုအခါ ဆန္ဒပြ ခေါင်းဆောင် ၉ ဦးထက်မနည်း ထောင်ကျနေပြီး အများဆုံး ၁၅ နှစ်ပြစ်ဒဏ်ချမှတ်နိုင်သည့် ထိုင်းဘုရင်အားစော်ကားသည့် ဥပဒေအရတရားစွဲဆိုခြင်းခံနေရသော်လည်း အမှုစစ်ဆေးမှုကို ဆိုင်းငံ့ထားသည်။