အမျိုးသားနေ့တွင် ပါကစ္စတန်စစ်ရေးပြ အခမ်းအနားကို ပြည်သူများပြင်းပြင်းထန်ထန်ဝေဖန်

By Zee 5
28 March 2021
အမျိုးသားနေ့တွင် ပါကစ္စတန်စစ်ရေးပြ အခမ်းအနားကို ပြည်သူများပြင်းပြင်းထန်ထန်ဝေဖန်

မတ် ၂၈

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့တွင် အမျိုးသားနေ့ အခမ်းအနား၌ ကျင်းပသော စစ်ရေးပြအခမ်းအနားကို  ပြည်သူများ ပြင်းပြင်းထန်ထန် ပြစ်တင်ပြောကြားလိုက်သည်။ ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုများပြားနေခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေးအခြေအနေ အလွန် ဆိုးရွားနေစဉ် ယင်းအခမ်းအနားကို မလုပ်သင့်ဟု လူအများက ဝေဖန်ခဲ့ကြသည်။

နိုင်ငံတော်နေ့စစ်ရေးချီတက်ပွဲသည် ရူပီးဘီလီယံပေါင်းများစွာ ကုန်ကျခဲ့ကြောင်း အတည်မပြုရသေးသော ခန့်မှန်းချက်များအရ  သိရသည်။  ယင်း စစ်ရေးပြအခမ်းအနားကို ကျင်းပခြင်းသည် ပါကစ္စတန်အစိုးရအနေဖြင့် ဦးစားပေး လုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိနေကြောင်းကို ပြသနေသည်ဟု  ကျွမ်းကျင်သူများ၏ ပြောကြားချက်ကို DW မှဖော်ပြခဲ့သည်။

 “စီးပွားရေးတည်ငြိမ်မှုမရှိတဲ့ စစ်အင်အားဟာ အလကားပါပဲ။ စစ်ပွဲတွေကို တင့်ကားတွေ၊ တိုက်လေယာဉ်တွေ၊ စစ်သုံးသင်္ဘောတွေနဲ့ တိုက်ပွဲဆင်နွှဲရတယ်။ ဒါတွေအတွက် ငွေပေးဝယ်ရတဲ့ လောင်စာလိုအပ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့က အားကောင်းတဲ့စီးပွားရေးလိုပါတယ်”ဟုစီးပွားရေးပညာရှင် ကိုင်ဆာဘင်ဂါလီက DW သို့ ပြောကြားခဲ့သည်။

 “နိုင်ငံတော်နေ့အခမ်းအနားမှာ ပြည်သူ့တွေ စုဝေးတာကနေ ဗိုင်းရပ်စ်ကပိုပြီး ပျံ့နှံ့စေနိုင်တယ်။ အနည်းဆုံးတော့ အစိုးရကလူထုအခမ်းအနားကို မကျင်းပသင့်ဘူး။ လူ၇၅ရာခိုင်နှုန်းကာကွယ်ဆေးထိုးပြီးတဲ့အထိ ဒီလိုအခမ်းနားမျိုးတွေကိုမကျင်းပ သင့်ပါဘူး”ဟုပါကစ္စတန်ဆေးဘက်ဆိုင်ရာအသင်းအတွင်းရေးမှူး ကိုင်ဆာ ဆက်ဂျက်က ပြောကြားခဲ့သည်။

“"ကိုဗစ်-၁၉  ကူးစက်မှု စတင်တာ ၁နှစ်တာ ကြာလာတယ်၊ ဝန်ကြီးချုပ်အီမာရန်ခန်းက အားတက်သရောနဲ့ ဘာမှထူးထူးခြားခြား အားထုတ်မှုမရှိခဲ့ပါဘူး" ဟု ဝမ်မာ ကDW သို့ပြောကြားခဲ့သည်။

ပါကစ္စတန်သည် တတိယမြောက် ကိုဗစ်-၁၉ လှိုင်းနှင့်ရင်ဆိုင်နေရပြီး၊ မတ်လ ၂၅ ရက်က ပါကစ္စတန်တွင် ရောဂါ ဖြစ်ပွားမှုနှုန်း ၁၀ရာခိုင်နှုန်းခန့် တရှိန်ထိုးတက်ခဲ့သည်။ ယင်းကာလတွင် အမျိုးသားကွပ်ကဲမှုနှင့် လုပ်ငန်းစင်တာ (NCOC) ၏ နောက်ဆုံးစာရင်းဇယားများအရ  ထိုနေ့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၃ယောက်နှင့် ရောဂါကူးစက်ခံရသူ ၄၃၆၈ဦးရှိကြောင်းဖော်ပြခဲ့သည်။

ကူးစက်ခံရသူ စုစုပေါင်း အရေအတွက်မှာ ၄၀,၁၂၀ဖြစ်ပြီး၊ကူးစက်ခံရမှုနှုန်းမှာ၁၀.၂၉ရာခိုင်နှုန်းရှိသည်။ ယင်းကာလအတွင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စမ်းသပ်မှုပေါင်း၄၂,၄၁၈ခုကိုပြုလုပ်ခဲ့သည်။နိုင်ငံအတွင်း ပထမဆုံး ကိုဗစ်-၁၉ ဖြစ်ပွားမှုကို စတင်တွေ့ရှိချိန်မှစပြီး စမ်းသပ်မှုစုစုပေါင်း ၉,၉၇၆,၇၉၁မှုယခုအချိန်အထိပြုလုပ်ခဲ့ပြီးဖြစ်သည်ဟုARY News မှဖော်ပြခဲ့သည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly