ငါးဖမ်းသင်္ဘောအစင်း ၂၀၀ ဖိလစ်ပိုင်ကျောက်တန်း၌ ဆိုက်ကပ်မှုက ကျူးကျော်၀င်ရောက်ခြင်း မဟုတ်ဟုတရုတ် ငြင်းဆို

ငါးဖမ်းသင်္ဘောအစင်း ၂၀၀ ဖိလစ်ပိုင်ကျောက်တန်း၌ ဆိုက်ကပ်မှုက ကျူးကျော်၀င်ရောက်ခြင်း မဟုတ်ဟုတရုတ် ငြင်းဆို

မတ် ၂၇
 
ရာသီဥတု ဆိုးရွားမှုကြောင့် တရုတ်ငါးဖမ်းသင်္ဘောအစင်း ၂၀၀ ကျော်သည် ဖိလစ်ပိုင်နိုင်ငံက ပိုင်ဆိုင်ကြောင်းပြောထားသည့် ကျောက်တန်းတစ်ခု၌ ကျောက်ချရပ်နားခဲ့ရကြောင်း ပေကျင်းက တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။ အဆိုပါငါးဖမ်းသင်္ဘောများ ဆိုက်ကပ်မှုက ရေပိုင်နက်ဧရိယာအတွင်း ထိန်းချုပ်မှုကို အခိုင်အမာ အရေးဆိုရန်အတွက် တရုတ်၏ ကြီးမားလှသည့် တောင်တရုတ်ပင်လယ် ပင်လယ်ရေကြောင်းဆိုင်ရာ တပ်ဖွဲ့အင်အားစု(အမြဲတမ်းတပ်မတော် မဟုတ်သည့် တပ်) ဘက်မှ လုပ်ဆောင်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဆိုသည့် မနီလာ၏စွပ်စွဲချက်များကို ပေကျင်းက လှီးလွှဲ ပြောဆိုသွားခဲ့သည်။

သို့သော် တရုတ် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များကို ပြောကြားရာတွင် ဝှစ်ဆန်း ကျောက်တန်းသည် တောင်တရုတ်ပင်လယ်ရှိ အဓိကကျွန်းစုများအနက် တစ်ခုဖြစ်သည့် စပရက်တလေ ကျွန်းစု၏ အစိတ်အပိုင်းဖြစ်ကြောင်း အဓိပ္ပါယ်ပါပါ ပြောခဲ့သည်ဟု သိရသည်။ စပရက်တလေ ကျွန်းစု အလုံးစုံနီးပါးကို တရုတ်က ယင်း၏အပိုင်အဖြစ် ငြင်းခုံပြောဆိုထားသည်။

 “သိပ်မကြာသေးခင်က ပင်လယ်ပြင် အခြေအနေတွေကြောင့် တရုတ်ငါးဖမ်းရေယာဥ်တစ်ချို့ဟာ ဝှစ်ဆန်းကျောက်တန်းအနားမှာ လေပြင်းအန္တရာယ်ကနေ အကာအကွယ်ယူ ရပ်နားခဲ့ရပါတယ်၊ ဒါက တကယ့်ကို ပုံမှန်အခြေအနေတစ်ခုလို့ပဲ ထင်ပါတယ်၊ သက်ဆိုင်ရာများအနေနဲ့လည်း ဒါကို နှိုင်းနှိုင်းချင့်ချင့်နဲ့ပဲ ရှုမြင်ပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်” ဟွာ က တစ်နေ့တာ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 “ဤကဲ့သို့ ကျူးကျော်၀င်‌ရောက်ခြင်းကို ရပ်ဆိုင်းရေးနှင့် မိမိတို့၏ ‌ရေပိုင်နက်ထဲ ကျူးကျော်၀င်ရောက်ပြီး မိမိတို့၏ ပင်လယ်ရေကြောင်း အခွင့်အရေးများကို ချိုးဖောက်သည့် ရေယာဥ်အားလုံးကို ချက်ချင်း ပြန်လည်ခေါ်ယူရေး” အတွက် ဖိလစ်ပိုင် ကာကွယ်ရေး၀န်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာကတနင်္ဂနွေနေ့တွင် တရုတ်ကို တောင်းဆိုပြောကြားခဲ့သည်။

အဆိုပါ ရေယာဥ်များ ရောက်ရှိမှုက “ဧရိယာကို စစ်ပုံသွင်းခြင်းဆိုင်ရာ တမင်ရန်စသည့် လုပ်ရပ်တစ်ခု” ဖြစ်သည်ဟု လော်ရန်ဇာနာက ပြောသည်။

မဟာဗျူဟာကျ ပင်လယ်ရေကြောင်း၏  ရေပိုင်နက် အငြင်းပွါးမှုအပြင်းထန်ဆုံး ဧရိယာများအနက် တစ်ခုတွင် တစ်စင်းနှင့်တစ်စင်း ဘေးချင်းယှဥ်လျက် ဆိုက်ကပ်ထားသည့် တရုတ်ငါးဖမ်းရေယာဥ်များ၏ဓာတ်ပုံများကို  ထိုဒေသကို စောင့်ကြည့်နေသော ဖိလစ်ပိုင်အစိုးရ၏ စောင့်ကြည့်ရေးအဖွဲ့တစ်ခုက မတ်လ ၇ ရက်မှစ၍ ထုတ်ဖော်ပြသခဲ့သည်။ တရုတ်ရေယာဥ်များ ရှိနေမှုနှင့်ပတ်သက်၍ သံတမန်ရေးဆိုင်ရာ ဆန့်ကျင်ကန့်ကွက်မှုတစ်ရပ် ဖိလစ်ပိုင်အစိုးရဘက်က ထုတ်ဖော်ထားသည်ဟု နိုင်ငံခြားရေး၀န်ကြီး တီဒိုရိုလော့ဆင်က တနင်္ဂနွေနေ့တွင် တွစ်တာ‌ပေါ်တွင် ရေးခဲ့သည်။

ဂျူလီယန် ဖိလစ်ပ်ဟု မနီလာက ခေါ်သော ထိုကျောက်တန်းသည် ဖိလစ်ပိုင် အနောက်ပိုင်း ပြည်နယ် ပါလ၀မ် ရှိBataraza မြို့၏ အနောက်ဘက် ရေမိုင် ၁၇၅ မိုင် (၃၂၄ ကီလိုမီတာ) ခန့်ရှိ ရေတိမ်ပိုင်းဖြစ်သော ဒလက်ကွေး ပုံစံသန္တာကျောက်တန်း ဒေသတစ်ခု ဖြစ်သည်။ ယင်းသည် ဖိလစ်ပိုင်နိုင်ငံ၏  သီးသန့်မူပိုင်စီးပွားရေးလုပ်ကိုင်နိုင်သည့် ရေပိုင်နက်ဇုန်အတွင်း ကောင်းစွာ ကျရောက်ပြီး ထိုမူပိုင်စီးပွားရေးလုပ်နိုင်သည့် ရေပိုင်နက်တွင်ဖိလစ်ပိုင်တို့အနေဖြင့် အရင်းအမြစ်မှန်သမျှကို အသုံးချ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အထူးအခွင့်အရေး ရှိကြောင်း အစိုးရ စောင့်ကြည့်အဖွဲ့က ပြောသည်။

တရုတ်၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံလေးနိုင်ငံတို့သည် အရင်းအမြစ် ပေါကြွယ်၀သည့် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး တင်းမာသော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ လိပ်ခဲတည်းလည်း အခြေအနေတစ်ခုထဲတွင် ဆယ်စုနှစ်များကြာ ပိတ်မိကျ‌ရောက်နေခဲ့သည်။  ထိုတောင်တရုတ်ပင်လယ်တွင် ခန့်မှန်းခြေအားဖြင့် နိုင်ငံတကာ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၅ ထရီလီယံခန့် နှစ်စဥ်နှစ်တိုင်း  ဖြတ်သန်းကူးသန်းနေသည်။

တရုတ် ငါးဖမ်းရေယာဥ်စုများသည် နိုင်ငံ၏ ပင်လယ်ရေကြောင်း ပိုင်နက် ရေးရာ တောင်းဆိုညှိနိုင်းမှုများတွင် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေတပ်ကို ထောက်ကူရမည်ဆိုသည့်အစိုးရ၏ အမိန့်ညွှန်ကြားချက်များအတိုင်း ပြီးခဲ့သည့်ကာလကြာကတည်းက လိုက်နာလုပ်ဆောင်ထားခဲ့သည်။ယင်း‌ငါးဖမ်းရေယာဥ်စုများသည် အကြီးအကျယ် အလွန်အကျွံ ငါးဖမ်းခြင်းကို ကျူးလွန်နေကြောင်းနှင့်သန္တာကျောက်တန်းများကို ထိခိုက်ပျက်စီးထားစေခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။ ထိုငါးဖမ်းရေယာဥ်များကိုတရုတ်စစ်တပ်က ကျောထောက်နောက်ခံပြုထားပြီး တရုတ်စစ်တပ်သည် ထိခိုက်ပျက်ဆီးလွယ်သော ပင်လယ်ရေကြောင်း ဂေဟစနစ်များအပေါ် တွင်ကွန်ကရစ်လောင်း၊ သဲမြေဖို့ခြင်းဖြင့်တည်ဆောက်ထားသည့် လူလုပ်ကျွန်းများတွင် လေယာဥ်ကွင်းများနှင့် ဒုံးလက်နက်အခြေစိုက်နေရာများတည်ဆောက်ထားခဲ့သည်။

တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး တရုတ်၏ သမိုင်းကြောင်းဆိုင်ရာ ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုအားလုံးနီးပါးကို တရားမ၀င်ကြောင်း ၂၀၁၆ ခုနှစ်၌ The Hague ရှိ သမာဓိခုံရုံးတစ်ခု၏  စီရင်ဆုံးဖြတ်ချက်ကိုအသိအမှတ်ပြုလက်ခံရန် တရုတ်က ငြင်းဆန်ထားသည်။ ထို့ပြင် နိုင်ငံတကာ ရေပိုင်နက်များအဖြစ် ရှုမြင်သိရှိထားသည့် ရေပြင်များတွင် အခြားနိုင်ငံများ၏ ရေတပ်များ ရှိမှုကိုလည်း တရုတ်က အမြဲတမ်းဆိုသလို ကန့်ကွက်နေခဲ့သည်။ တရုတ်က ယင်းအနေဖြင့် ဧရိယာကို ဖြတ်သန်းသွားလာမှု အခွင့်အရေးအပေါ် ကန့်သတ်ပိတ်ပင်ခြင်းမရှိဟု ပြောသည်။ သို့သော် တရုတ်သည် သဘာဝအရင်းအမြစ်ဆိုင်ရာ အမြတ်ထုတ်အသုံးချခြင်း၊ စစ်ရေးလုပ်ဆောင်ချက်များနှင့် ယုတ်စွအဆုံး ရှေးဟောင်းသင်္ဘောပျက်များ ရှာဖွေသည့် ပရောဂျက်များနှင့်ပတ်သက်ပြီးအခြားသော နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုပြောကြားသူများနှင့်အကြား ထပ်တလဲလဲ စကားနိုင်လု ငြင်းခုံပြောဆိုမှုများ ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly