ထိုင်၀မ်ကို ‘နေတိုး(NATO)အဖွဲ့၏ အပေါင်းအပါ’ နိုင်ငံများအုပ်စုတွင် ထည့်သွင်းရန် အမေရိကန်က ဥပဒေမူကြမ်း အဆိုပြုတင်သွင်း

ထိုင်၀မ်ကို ‘နေတိုး(NATO)အဖွဲ့၏ အပေါင်းအပါ’ နိုင်ငံများအုပ်စုတွင် ထည့်သွင်းရန် အမေရိကန်က ဥပဒေမူကြမ်း အဆိုပြုတင်သွင်း

မတ် ၂၅ 
 
ထိုင်ဝမ်ကို မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ နေတိုး(NATO)အဖွဲ့၏ အပေါင်း(၅) နိုင်ငံများအုပ်စုထဲတွင် ထည့်သွင်းရေးအတွက် အမေရိကန် လွှတ်တော်ကိုယ်စားလှယ် စကော့တ် ပယ်ရီက ဥပ‌ဒေမူကြမ်းတစ်ရပ် လွှတ်တော်သို့ အဆိုပြုတင်သွင်းထားသည်။

“ထိုင်ဝမ်အပေါင်းအက်ဥပဒေ” ဟု အမည်ပေးထားသော ယင်း အဆိုပြုဥပဒေကို မတ်လ ၁၉ရက်က အောက်လွှတ်တော်၌ အဆိုပြုတင်သွင်းခဲ့ပြီး ယင်းနောက် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဗွီအိုအေ၏ တရုတ်ဘာသာစကားဌာနက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်နှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ထောက်ကူပံ့ပိုးခြင်းသည် အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အလွန်အရေးပါသည်ဟု ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။ ထို့ပြင် လက်ရှိတွင်ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ အစ္စရေးနှင့် နယူးဇီလန် တို့ ပါ၀င်သည့် “NATO Plus နေတိုး အဖွဲ့၏ အပေါင်းအပါ” ဟုခေါ်သော အုပ်စုထဲတွင် ထိုင်ဝမ်ကို ထည့်သွင်းရန်ကိုလည်း ယင်းတွင် တိုက်တွန်းထားသည်။

 “နေတိုးအဖွဲ့၏ အပေါင်းအပါ” အုပ်စုဝင်များကို နိုင်ငံ‌ပေါင်း ၁၇ နိုင်ငံမှ ရွေးထုတ်ထားပြီး ထိုနိုင်ငံများကို“အဓိကကျသည့် နေတိုးအဖွဲ့ဝင်မဟုတ်သည့် မဟာမိတ်များ” (MNNA) အဖြစ် အမေရိကန်က သတ်မှတ်ထားသည်။

ထိုင်ဝမ်ကို တရား၀င်အားဖြင့် MNNA မဟာမိတ်အဖြစ် သတ်မှတ်ထားခြင်း မရှိသော်လည်း ထိုင်ဝမ်သည် ၂၀၀၃ ခုနှစ်ကတည်းက MNNA မဟာမိတ်တစ်ဦးကဲ့သို့ သဘောထားဆက်ဆံခံထားရကြောင်း ပယ်ရီက ဥပဒေမူကြမ်းထဲတွင် မှတ်ချက်ပြုသည်။

MNNA  အဖွဲ့ဝင် အနေအထားက နိုင်ငံတစ်နိုင်ငံကို အမေရိကန်နှင့်အကြားကာကွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး  သတ်မှတ်ချက်ကို အရည်အချင်းပြည့်မီစေသည်။သို့သော် ယင်းက မည်သည့် ထပ်တိုး လုံခြုံရေးကတိပြုအာမခံချက်များကိုမှ ဖြစ်ပေါ်စေခြင်း မရှိပေ။

အမေရိကန်-ထိုင်ဝမ်အကြား နီးကပ်သည့် ဆက်ဆံရေးက ယခုလို အဆိုပြုရွေးချယ်သတ်မှတ်ခြင်းအတွက်အကြောင်းရင်းများထဲမှ တစ်ခုအဖြစ် ဥပဒေမူကြမ်းက ရည်ညွှန်းထားသည်။ ထို့ပြင် ထိုင်ဝမ်သည် အမေရိကန်၏ဒသမမြောက် အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံ ဖြစ်သလို ၂၀၂၀ ခုနှစ်က အမေရိကန်စစ်လက်နက်များကိုအများဆုံး ဝယ်ယူသူနှင့် ၁၉၅၀-၂၀၂၀ ကာလအတွင်း တတိယမြောက်အများဆုံး ဝယ်သူဖြစ်ခဲ့ကြောင်း ယင်းဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

အဆိုပြုချက်အရ ရွေးချယ်သတ်မှတ်ခြင်းကို ငါးနှစ်ကာလတစ်ခုအတွက် ဆက်လက် အသက်၀င်စေမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပန်ကြားချက်အရ အကြိမ်ရေအကန့်အသတ်မဲ့ သက်တမ်းထပ်တိုးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly