အမေရိကန် မူမပြောင်းရင် ဆက်ဆံဆွေးနွေးမှုတွေကို ဥပက္ခာပြုရလိမ့်မယ်လို့ မြောက်ကိုရီးယား ပြော 

အမေရိကန် မူမပြောင်းရင် ဆက်ဆံဆွေးနွေးမှုတွေကို ဥပက္ခာပြုရလိမ့်မယ်လို့ မြောက်ကိုရီးယား ပြော 
Photo - AFP

မတ် ၁၈ ၊၂၀၂၁

အမေရိကန်အနေနဲ့ မူဝါဒလမ်းကြောင်းတွေ မပြောင်းလဲဘူးဆိုရင် ဆက်ဆံရေး ဒါမှမဟုတ် ဆွေးနွေးရေးတွေအတွက် အမေရိကန်ရဲ့ ကြိုးစားမှုတွေအားလုံးကို ဥပက္ခာပြုရလိမ့်မှာပဲ ဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ ပြောပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ထိပ်တန်းသံတမန်တွေ ဆိုးလ်မြို့မှာ ဆွေးနွေးပွဲတွေ မကျင်းပခင် အချိန်ပိုင်းအလိုမှာ မြောက်ကိုရီးယားဖက်က ပြောလာခဲ့တာ ဖြစ်ပါတယ်။ 

နျူကလီးယား လက်နက်ပိုင် မြောက်ကိုရီးယားနဲ့ ရန်လိုမှု တိုးလာတဲ့ တရုတ်တို့ကို တန်ပြန်ဖို့ စုပေါင်းစစ်မျက်နှာ ဖွဲ့စည်းနိုင်အောင် အာရှခရီးစဉ် ဒုတိယခြေလှမ်းအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ပင်တဂွန်အကြီးအကဲ လွိုက်အော်စတင်းတို့ ဆိုးလ်ကို ရောက်ရှိနေချိန်မှာ မြောက်ကိုရီးယား ပထမလက်ထောက်နိုင်ငံခြားရေးဝန်ကြီး အမျိုးသမီးဖြစ်သူ ချိုဆွန်းဟီက မှတ်ချက်ပြု ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံဆီ စတင်သွားရောက်ခဲ့တဲ့ ဘလင်ကန်နဲ့ အော်စတင်းတို့ နှစ်ဦးစလုံးဟာ မြောက်ကိုရီးယား အလုံးစုံ နျူကလီးယား ဖျက်သိမ်းရေးကို အကြိမ်ကြိမ် တိုက်တွန်းပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားကို ရန်လိုတဲ့ မူဝါဒကို အမေရိကန်က မပြောင်းလဲဘဲနဲ့တော့ နှစ်နိုင်ငံကြားမှာ ဆက်ဆံမှုတွေ၊ ဆွေးနွေးမှုတွေ ဖြစ်လာလိမ့်မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားနိုင်ငံပိုင် Korean Central News Agency က ကြာသပတေးနေ့က ထုတ်ပြန်ချက်မှာ ချိုဆွန်းဟီက ဆိုထားပါတယ်။ 

“ဒီအတွက်ကြောင့် နောက်ပိုင်းမှာ အမေရိကန်က ဆက်ဆံဖို့တွေ၊ ဆွေးနွေးဖို့တွေ ကြိုးစားလာရင် ကျွန်မတို့အနေနဲ့ ဥပက္ခာပြုရလိမ့်မှာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။ 

အမေရိကန်က အစိုးရသစ်ဟာလည်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုဆိုတဲ့ ရူးနှမ်းတဲ့ သီအိုရီကိုပဲ ရှေ့တန်းတင်လာသလို အလုံးစုံ နျူကလီးယား ဖျက်သိမ်းရေးကိုပဲ အခြေအမြစ်မဲ့ ပြောဆိုနေတယ်လို့ ၎င်းက ဆိုပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ကာကွယ်ဖို့အတွက် နယ်စပ်တွေကို ပိတ်ထားတာဟာ တစ်နှစ်ကျော်မက ရှိနေပြီ ဖြစ်ပါတယ်။ 

အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒင်အစိုးရရဲ့ ပထမသီတင်းပတ်တွေအတွင်းမှာ မြောက်ကိုရီးယားဟာ နှုတ်ဆိတ်နေခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အထိ အမေရိကန်ခေါင်းဆောင်သစ်နဲ့ ပတ်သက်လို့ နိုင်ငံပိုင်မီဒီယာကနေ ပြောဆိုခဲ့တာမျိုး မရှိခဲ့ပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly