စစ်အုပ်စု ဖြိုခွင်းမှုမှာ သေဆုံးဆန္ဒပြသူ ပိုများလာတာကြောင့် ကမ္ဘာအသိုင်းအဝိုင်း စိုးရိမ်ထိတ်လန့် 

စစ်အုပ်စု ဖြိုခွင်းမှုမှာ သေဆုံးဆန္ဒပြသူ ပိုများလာတာကြောင့် ကမ္ဘာအသိုင်းအဝိုင်း စိုးရိမ်ထိတ်လန့် 
Photo: AFP

ပြည်တွင်းမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ သေဆုံးသူ တိုးများလာတာကြောင့် အကြမ်းဖက်ဖြိုခွင်းမှုတွေ မလုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တနင်္လာနေ့မှာ မေတ္တာရပ်ခံပါတယ်။

စစ်အာဏာသိမ်း အုပ်စုရဲ့ လူသေဆုံးစေတဲ့ ဖြိုခွင်းမှုတွေ မြှင့်တင်လုပ်ဆောင်နေတဲ့ကြားမှာပဲ ဆန္ဒပြသူတွေဟာ လမ်းတွေပေါ်ထွက်ပြီး ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုဆန္ဒပြကြပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်နဲ့ ဗြိတိန်တို့ဟာ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ဗိုလ်ချုပ်ကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့ချိန်ကစလို့ ဆန္ဒပြမှုတွေကို ဖြိုခွင်းမှုအတွင်း လက်ရှိအထိ သေဆုံးသူဦးရေဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အနည်းဆုံး ၁၃၈ ဦး ရှိပြီလို့ ကုလသမဂ္ဂက အတည်ပြုထားပါတယ်။ 

စစ်ခေါင်းဆောင်တွေကတော့ အကြမ်းမဖက်ဖို့ တောင်းဆိုတာတွေကို လက်ရှိအထိ လိုက်နာမဲ့ပုံ မပြသေးပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ဟာ လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့ပြီး ဒီမိုကရေစီ တောင်းဆိုတဲ့ စုရုံးဆန္ဒပြမှုတွေကို လုံခြုံရေးတပ်တွေက ဖြိုခွင်းတာကြောင့် လူပေါင်း သုံးဒါဇင်ကျော် သေဆုံးခဲ့ရပါတယ်။

ဒါပေမယ့် ဒီလို ပစ်ခတ်သတ်ဖြတ်ခံနေရလည်း ဆန္ဒပြတာတွေ မရပ်သွားဘဲ တနင်္လာနေ့မှာ စစ်အုပ်စုရဲ့ လူသေစေလောက်တဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကို ရင်ဆိုင်ရင်း ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပွားပေါ်ပေါက်ပါတယ်။

တနင်္လာနေ့က ဖြိုခွင်းမှုအတွင်းမှာ သေဆုံးသူ အနည်းဆုံး ၂၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအသင်းက ပြောပါတယ်။

“လူတွေ သေဆုံးရတာတွေ ပိုများလာတယ်”လို့ အင်္ဂါနေ့က အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပြီး ဖေဖော်ဝါရီ ၁ ရက်ကစလို့ ပစ်သတ်ခံရပြီး သေဆုံးသူစုစုပေါင်းက ၁၈၀ ကျော် ရှိတယ်လို့ ဖြည့်စွက်ဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရအမျိုးသမီး ဂျာလီနာပေါ့တာက “စစ်အာဏာသိမ်းအုပ်စုဟာ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းရေး တောင်းဆိုချက်ကို ကျည်ဆန်နဲ့ တုံ့ပြန်နေတယ်”လို့ တနင်္လာနေ့က သတင်းထောက်တွေကို ပြောပါတယ်။ 

“မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်တာတွေ အရှိန်မြှင့်လုပ်ဆောင်နေတာကို ဆန့်ကျင်တဲ့ ထိထိရောက်ရောက် အရေးယူကြဖို့ နိုင်ငံအားလုံးကို အမေရိကန်က ဆက်လက်တိုက်တွန်းနေပါတယ်”ဆိုပြီး သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူး ဂူတာရပ်စ်ကလည်း ဒေသတွင်း အဓိကနိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေနဲ့အတူ ရှိနေကြောင်းကို ပြသကြရန်နဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ ရည်မှန်းချက်တွေအတွက် အတူရပ်တည်ပေးရန် တိုက်တွန်းခဲ့တယ်လို့ ပြောခွင့်ရသူ ဒူဂျာရစ်က ပြောပါတယ်။

မြန်မာဆိုင်ရာ ကုလသမဂ္ဂ သံတမန် ခရစ္စတင်းရှာရန်နာဘာဂျင်နာကလည်း တနင်္ဂနွေနေ့က သတ်ဖြတ်မှုတွေကို ရှုတ်ချသလို ဗြိတိန်နိုင်ငံက အပြစ်မဲ့ပြည်သူတွေအပေါ် အင်အားသုံးတာဟာ တုန်လှုပ်ချောက်ချားစရာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly