သြစတြေးလျကမ်းလွန်ထိန်းသိမ်းရေးစင်တာများပိတ်သိမ်းရန်တရုတ်တိုက်တွန်း

သြစတြေးလျကမ်းလွန်ထိန်းသိမ်းရေးစင်တာများပိတ်သိမ်းရန်တရုတ်တိုက်တွန်း

သြစတြေးလျအစိုးရစီမံခန့်ခွဲနေသည့်ကမ်းလွန်ထိန်းသိမ်းရေးစခန်းများကြောင့်အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်းနှင့် ယင်းနေရာများအားချက်ချင်းပိတ်သိမ်းရန် တရုတ်က တောင်းဆိုလိုက်သည်။

သြစတြေးလျကHuawei 5G ကွန်ရက်ကို ၂၀၁၈ခုနှစ်တွင် ပထမဆုံး တရားဝင်တားမြစ်သည့် နိုင်ငံဖြစ် ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းသွားခဲ့သည်။ ပြီးခဲ့သည့်နှစ်က သြစတြေးလျက ကိုရိုနာဗိုင်းရပ်စ်၏ မူလအစကို စုံစမ်းရန် တောင်းဆိုသောအခါ ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့သည်။

ဂျီနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ပေးပို့သည့်ကြေညာချက်တွင် ထိန်းသိမ်းရေးစခန်းများသည် ရွှေ့ပြောင်းနေထိုင်သူ၊ဒုက္ခသည်များနှင့်ခိုလှုံခွင့်တောင်းခံသူများကို လုံလောက်သော ဆေးဘက်ဆိုင်ရာ အခြေအနေများနှင့် ကိုက်ညီမှုမရှိဘဲကြာရှည်စွာ (သို့မဟုတ်) အကန့်အသတ်မရှိ ထိန်းသိမ်းခြင်းကြောင့် ယင်းနေရာများတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေကြောင်း တရုတ်က စွပ်စွဲထားသည်။

ထိန်းသိမ်းရေး စခန်း နေရာများကို နေရာအတိအကျမဖော်ပြဘဲ တတိယနိုင်ငံများဟုသာ ဖော်ပြခဲ့သည်။ သြစတြေးလျသို့ ပင်လယ်ခရီးဖြင့်သွားရောက်ပြီး ခိုလှုံခွင့်တောင်းခံသူများအား ပါပူဝါနယူးဂီနီ (သို့မဟုတ်) တောင်ပစိဖိတ်ကျွန်းဖြစ်သောနော်ရူးသို့ ပို့ခဲ့သည်။

တရုတ်ကိုယ်တိုင်က ထိန်းသိမ်းရေးစခန်းများ လည်ပတ်နေသည်ဟူသောစ ွပ်စွဲချက်များကို ကာလကြာမြင့်စွာကတည်းက ရင်ဆိုင်ခဲ့ရသည်။ ကုလသမဂ္ဂကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ရှင်ကျန်းဒေသတွင် လူပေါင်းတစ်သန်းကျော်ကို ထိန်းသိမ်းရေးစခန်းအများအပြားတွင် ထိန်းသိမ်းထားသည်ဟု ခန့်မှန်းထားပြီး အများစုသည် ဝီဂါများနှင့် အခြားမွတ်စလင် လူနည်းစုများဖြစ်ကြသည်။

အစွန်းရောက်ဝါဒကိုတိုက်ဖျက်ရန်အတွက်ရည်ရွယ်ထားသည့် အသက်မွေးဝမ်းကျောင်း စင်တာများဖြစ်ကြောင်းတရုတ်ကဆိုထားသည်။

သြစတြေးလျကို ကမ်းလွန်ထိန်းသိမ်းရေးစခန်းများအားလုံးက ချက်ချင်းရပ်တန့်ရန်နှင့် ရွှေ့ပြောင်းနေထိုင်သူ၊ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအား အထူးသဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ရန် တိကျခိုင်မာသောလုပ်ငန်းစဉ်များ ဖော်ဆောင်ရန် တရုတ်က တိုက်တွန်းလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ယင်းထုတ်ပြန်ချက်ကို အမည်မဖော်ပြနိုင်သော နိုင်ငံများကိုယ်စားတရုတ်ကတင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင်သြစတြေးလျစစ်တပ်မှနိုင်ငံရပ်ခြားတွင်ကျူးလွန်ခဲ့သော“ကြီးလေးသောစစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ တရားမျှတသော စုံစမ်း စစ်ဆေးမှုများပြုလုပ်ရန်”တောင်းဆိုခဲ့သည်။ သြစတြေးလျစုံစမ်းရေးအဖွဲ့၏ နိုဝင်ဘာလတွင် ထုတ်ဝေခဲ့သောစာတွင် ‘၂၀ဝ၅ခုနှစ်မှ၂၀၁၆ခုနှစ်အတွင်း အာဖဂန်နစ္စတန်တွင် လက်နက်မဲ့အကျဉ်းသားနှင့် အရပ်သား၃၉ဦးအား သြစတြေးလျအထူးတပ်ဖွဲ့ဝင်များက သတ်ဖြတ်သည်ဟုသံသယရှိကြောင်းပြောကြားချက်ကိုကိုကားကာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly