AstraZeneca ကာကွယ်ဆေးက သွေးခဲမှုဖြစ်စေလို့ နိုင်ငံအချို့ မထိုးနှံတော့ပေမယ့် ပြင်သစ်ကတော့ လက်မခံ

AstraZeneca ကာကွယ်ဆေးက သွေးခဲမှုဖြစ်စေလို့ နိုင်ငံအချို့ မထိုးနှံတော့ပေမယ့် ပြင်သစ်ကတော့ လက်မခံ
Photo - AFP

မတ် ၁၂

AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ သွေးခဲမှုဖြစ်စေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ဥရောပနိုင်ငံ အတော်များများမှာ အဲဒီဆေး ထိုးနှံခွင့်ကို ရပ်တန့်လိုက်ကြပေမယ့် ပြင်သစ်နိုင်ငံကတော့ ဆက်လက်အသုံးပြု ထိုးနှံပေးသွားမှာ ဖြစ်တယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဖြစ်သူက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒိန်းမတ်၊ အိုက်စလန်နဲ့ နော်ဝေနိုင်ငံတို့မှာ AstraZeneca ကာကွယ်ဆေး ထိုးနှံတာတွေကို ရပ်ဆိုင်းထားပြီး အီတလီမှာလည်း ဆေးဝယ်ယူမှုကို ရပ်တန့်ထားချိန်မှာ ပြင်သစ်ကျန်းမာရေးဝန်ကြီးဖြစ်သူ အိုလီဗီယာဗာရန်းက ပြင်သစ်ဆေးပညာအေဂျင်စီက အဲဒီ နိုင်ငံတွေလို လိုက်လုပ်စရာ မလိုအပ်ဘူးလို့ အကြံပေးလာကြောင်း ပြောပါတယ်။

AstraZeneca ဆေးဝါးဟာ အသုံးပြုရာမှာ ဘေးကင်းစိတ်ချရဆဲဖြစ်တယ်ဆိုတဲ့ အီးယူဆေးဝါးကွပ်ကဲရေးတာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ လိုက်နာဖို့ အေဂျင်စီကနေ သူ့ကို တိုက်တွန်းတာ ဖြစ်ကြောင်း ဗာရန်းက ဆိုပါတယ်။

“AstraZeneca ဆေးကို တားမြစ်ဖို့ မလိုအပ်ပါဘူး”ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ တတိယအကြိမ် လော့ဒေါင်းချရမှာကို ရှောင်ရှားနိုင်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးပေးရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ ခုလို ဆုံးဖြတ်ချက် ချလာခဲ့တာပါ။

ပြင်သစ်မှာ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်နှုန်းဟာ တည်ငြိမ်သွားပုံ ရနေရနေပေမယ့် တစ်ချို့ဒေသအရပ်တွေမှာတော့ ကူးစက်နှုန်း မြင့်နေတုန်းပဲလို့လည်း ဗာရန်းက ဆိုပါတယ်။

ပါရီအပါအဝင် အရပ်ဒေသသုံးခုဟာ ကူးစက်မှု မြင့်မားတဲ့နေရာတွေအဖြစ် ရှိနေဆဲဖြစ်တယ်ဆိုပြီး သူက ပြောတာ ဖြစ်ပါတယ်။

ပါရီမှာ အထူးကြပ်မတ်ကုသပေးရသူ နှုန်းထားဟာလည်း လက်ရှိမှာ အတော်လေး မြင့်တက်နေပြီး ဆေးရုံတွေ ဝန်ပိလာမှာကို စိုးရိမ်ပူပန်နေရတဲ့ အခြေအနေပါ။

မတ်လကုန်လောက်မှာဆိုရင် ဆေးရုံတွေဟာ အလွန်စိုးရိမ်ရတဲ့ ဝန်နဲ့အား မမျှတာကို ကြုံရနိုင်တယ်လို့ ဗာရန်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly