အရှေ့တရုတ်ပင်လယ်အတွင်းသို့ တပ်ဖွဲ့များ စေလွှတ်ရန် ဂျပန်စဉ်းစားနေ

အရှေ့တရုတ်ပင်လယ်အတွင်းသို့ တပ်ဖွဲ့များ စေလွှတ်ရန် ဂျပန်စဉ်းစားနေ

 

မတ် ၁၂

နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်သည်ဟု ကြေညာထားသော ကျွန်းများအနီးတွင် တရုတ်အစိုးရ၏ လှုပ်ရှားမှုများ မြင့်တက် လာသောကြောင့် ဂျပန်အစိုးရက ယင်းရေပိုင်နက်အတွင်းသို့ တပ်ဖွဲ့များ စေလွှတ်ရန် စဉ်းစားလျှက်ရှိသည်။

ဒိုင်အိုယုကျွန်းများခေါ် ဆန်ကကုကျွန်းများအနီး အငြင်းပွားရေပြင်တွင် တရုတ်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့များ နေရာတိုးချဲ့ထားကြောင်း South China Morning Post သတင်းစာက ဖော်ပြသည်။

အဆိုပါ ရေပြင်အတွင်းသို့ တရုတ်ကမ်းရိုးတန်းစောင့် သင်္ဘောများ ဝင်ရောက်သည့်အရေအတွက်သည် ယမန်နှစ် မတ်လနှင့် နှိုင်းယှဉ်ပါက နှစ်ဆပိုမို များပြားလာသည်ဟု ဂျပန်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို  ကိုးကား၍ အဆိုပါ သတင်းစာက ဖော်ပြသည်။

တရုတ်တို့၏ လှုပ်ရှားမှုအပေါ် တုန့်ပြန်ရန် ဂျပန်က အသင့်ပြင်ထားကြောင်း ဂျပန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို South China Morning Post သတင်းစာက ဖော်ပြသည်။

“ဆန်ကကုကျွန်းတွေနားကို ခွင့်ပြုချက်မရဘဲ ဝင်ရောက်တာအပါအဝင် မိမိတို့ရဲ့ ရေပိုင်နက်အတွင်း တရုတ် ကမ်းခြစောင့်တပ်ဖွဲ့ ဝင်ရောက်လာပါက မိမိတို့ရဲ့ ကမ်းရိုးတန်းတပ်ဖွဲ့ ကိုယ်စား တရားဥပဒေ စိုးမိုးရေးအတွက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်တွင်းဥပဒေအရ လက်နက်သုံးနိုင်ပါတယ်” ဟု အမည်မဖော်လိုသူ အဆိုပါအရာရှိက ပြောကြားသည်။

အငြင်းပွား ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြား သင်္ဘောများကို ပစ်ခတ်ခြင်းနှင့် ယင်းပိုင်နက်အတွင်း လာရောက်တည်ဆောက်သည့် အဆောက်အဦများကို ဖျက်ဆီးရန် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့အား ခွင့်ပြုသည့် ဥပဒေတစ်ရပ်ကို တရုတ်က ယခုနှစ်အတွင်း ပြဌာန်းခဲ့ရာ အိမ်နီးချင်းနိုင်ငံများနှင့် တင်းမာမှုများ မြင့်တက်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly