အာဏာသိမ်းစစ်ခေါင်းဆောင်၏ မိသားစုအပေါ် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

အာဏာသိမ်းစစ်ခေါင်းဆောင်၏ မိသားစုအပေါ် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

မတ် ၁၁ ၊၂၀၂၁

မြန်မာ အာဏာသိမ်းစစ်အုပ်စု၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီး နှစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြောင်း အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု၊ နောက်ဆက်တွဲအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုနှင့်ပတ်သက်ပြီး အရေးယူမှုအဖြစ် ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန်ဘက်က ချမှတ်လာခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံထားခဲ့ရတဲ့ အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့မှု၊ ငြိမ်းချမ်းရေး ဆန္ဒပြသူတွေအပေါ် လူမဆန်စွာ သတ်ဖြတ်မှု တို့ကို တုံ့ပြန်ပြီး ခုလို အရေးယူမှုတွေ လုပ်ခဲ့တာဖြစ်တယ်” ဟု အမေရိကန် ဘဏ္ဍာရေး၀န်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်တပ် အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း နိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေးအတွက် တောင်းဆိုရန် နေ့စဥ်နှင့်အမျှ ဆန္ဒပြပွဲများ နိုင်ငံတ၀န်း ပေါ်ပေါက်နေခဲ့သည်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးဖြစ်ကြသည့် အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန် တို့တွင် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများ ရှိနေပြီး ယင်းတို့သည် ၎င်းတို့၏ ဖခင်ဖြစ်သူ ရာထူးနှင့် ဆိုးဝါးသော အရှိန်အဝါတို့ကနေတဆင့် တိုက်ရိုက် အကျိုးဖြစ်ထွန်းထားခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ဒဏ်ခတ်အရေးယူမှုကြောင့် အမေရိကန်တွင် ၎င်းတို့ ရှိကောင်းရှိနိုင်သည့် ပိုင်ဆိုင်မှုများကို ပိတ်ထားတော့မည် ဖြစ်သည်။

အမေရိကန်အနေဖြင့် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဏာသိမ်းအုပ်စု၏ အခြားခေါင်းဆောင်များအပါအ၀င် သက်ဆိုင်ရာပုဂ္ဂိုလ်များအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားပြီး ဖြစ်သည်။

“အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ခေါင်း‌ဆောင်တွေရဲ့ အမိန့်အရ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ လက်နက်မဲ့ ဆန္ဒပြသူတွေအပေါ် လူမဆန်စွာနဲ့ အသက်သေစေလောက်အောင်အထိ တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတယ်၊ ဒီလို ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ရှုတ်ချပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန်က ထုတ်ပြန်သွားခဲ့သည်။

ယခု နောက်ထပ်လုပ်ဆောင်ခဲ့သည့် အရေးယူပိတ်ဆို့မှုများက အာဏာသိမ်းမှုအတွက် တာ၀န်ရှိသူများ၏ တာ၀န်ခံရမှုကို တိုးမြှင့်စေရန်နှင့် စစ်အစိုးရနှင့် ချိတ်ဆက်မှုများကနေတဆင့် ဘဏ္ဍာရေးအရ အကျိုးကျေးဇူးရရှိနေသူများကို ပစ်မှတ်ထားရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly