အမျိုးသမီး ၃ ဦးမှာ ၁ ဦးနှုန်းက အကြမ်းဖက်ခံရခြင်းနဲ့ လိင်ထိပါးစော်ကားခံရခြင်းတွေ ကြုံရ 

အမျိုးသမီး ၃ ဦးမှာ ၁ ဦးနှုန်းက အကြမ်းဖက်ခံရခြင်းနဲ့ လိင်ထိပါးစော်ကားခံရခြင်းတွေ ကြုံရ 
Photo - AFP

မတ် ၁၀ 

အမျိုးသမီး သုံးဦးမှာ တစ်ဦးနှုန်းဟာ ကိုယ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာတွေ အနည်းဆုံး တစ်မျိုးကို ရင်ဆိုင်ကြုံတွေ့ကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အစီရင်ခံစာတစ်ရပ်က ဆိုပါတယ်။ 

ဒီနှုန်းထားဟာ အလွန်ကို စိုးရိမ်စရာကောင်းပြီး ပြီးခဲ့တဲ့ ရှစ်နှစ်မှာ မပြောင်းမလဲ ဆက်ဖြစ်နေတဲ့ နှုန်းထားပဲ ဖြစ်တယ်လို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုင်ရာ WHO အစီရင်ခံစာကို ပူးတွဲရေးသားတဲ့ ကလောက်ဒီယာဂါစီယာမိုရီနိုက ပြောပါတယ်။ 

“တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျွန်မတို့ဟာ အမျိုးသမီးတွေအပေါ် ရင်းနှီးတဲ့ မိတ်ဖက်က အကြမ်းဖက်တာနဲ့ မိတ်ဖက်မဟုတ်သူက လိင်ထိပါးစော်ကားတာတွေကို ပေါင်းစပ်ကြည့်တဲ့အခါမှာ ဒါဟာ နှုန်းထား ၃၀ ရာခိုင်နှုန်းအထိ ရှိနေတယ်၊ တစ်ကမ္ဘာလုံးမှာ အမျိုးသမီး သုံးဦးမှာ တစ်ဦးဟာ အနည်းဆုံး ဒီလို အကြမ်းဖက်ထိပါးခံရတဲ့ အတွေ့အကြုံ ခံစားကြရတယ်၊ ကျွန်မတို့ စာရင်းပြုစုကတည်းက ပြီးခဲ့တဲ့ ရှစ်နှစ်လုံးလုံးမှာ ဒီ နှုန်းထားဟာ မပြောင်းမလဲဘဲ ရှိနေတယ်”လို့ ကလောက်ဒီယာက ပြောပါတယ်။ 

“အများစုကတော့ ရင်းနှီးတဲ့ မိတ်ဖက်ဖြစ်သူရဲ့ အကြမ်းဖက်ခံရမှုက အများဆုံးပါ၊ တော်တော်လေး များပါတယ်၊ ၂၇ ရာခိုင်နှုန်းလောက် ရှိတယ်၊ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်၊ ကြင်ယာဖက်၊ ရည်းစားဖြစ်သူ အမျိုးသားတွေရဲ့ ကိုယ်ပိုင်းဆိုင်ရာဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာအရ ဖြစ်စေ ထိပါးစော်ကားခံရတဲ့ အမျိုးသမီးနှုန်းထားဟာ လေးဦးမှာ တစ်ဦးနှုန်းကို ရှိနေတယ်၊ အမျိုးသမီးတွေအနေနဲ့ အသက် ၁၅ လောက်နေစပြီး ဘဝတစ်လျှောက်မှာ ဒီလို ထိပါးစော်ကားခံရတာမျိုး အနည်းဆုံး တစ်ကြိမ် ရင်ဆိုင်ခံစားရတဲ့ နှုန်းထားက လေးဦးမှာ တစ်ဦးနှုန်းကို ရှိနေတာ ဖြစ်တယ်”ဆိုပြီး သူက ဆိုပါတယ်။ 

ဆက်လက်ပြီးတော့ “ကိုယ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ထိပါးစော်ကားခံရတာဟာ အမျိုးသမီးတွေအတွက် အစောဆုံးအရွယ်တွေမှာ အဖြစ်များပါတယ်၊ အသက် ၁၅ နှစ်နဲ့ ၁၉ ကြား အပျိုအရွယ် မိန်းကလေး လေးဦးမှာ တစ်ဦးနှုန်း ကြုံရပါတယ်၊ ဒီအရွယ်တွေမှာ နီးစပ်တဲ့ ရင်းနှီးတဲ့ အမျိုးသားတွေရဲ့ ကိုယ်အားနဲ့ ဖြစ်စေ၊ လိင်အရဖြစ်စေ အကြမ်းဖက်ထိပါးကျူးလွန်ခံတာမျိုး ကြုံတွေ့ကြရတာဖြစ်တယ်”ဟု ကလောက်ဒီယာက ပြောပါတယ်။ 
ကိုဗစ်-၁၉ ကပ်ဘေး စတင်ချိန်ကစလို့ ကမ္ဘာနဲ့တစ်ဝန်းမှာ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုနဲ့ အမျိုးသမီးတွေ အသတ်ခံရမှုလည်း တိုးမြင့်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly